နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ အန်တိုနီက ယနေ့မနက် အစောပိုင်းမှာ နယ်သာလန် နာမည်ကြီး သတင်းထောက် ဗာဝစ်ချ်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူဟာ ဆရာဟောင်း အဲရစ် တန်ဟက်ဂ် တယောက် မန်ချက်စတာ ယူနိုက်တက်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကို မကြည့်ရက်ကြောင်းနဲ့ သူဟာ တန်ဟက်ဂ်ကို မကူညီနိုင်လို့ ဝမ်းနည်းမိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီဟာ အဲရစ် တန်ဟက်ဂ်ရဲ့ မြေတောင်မြှောက်ပေးမှုကြောင့် လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် တောင်ပံတိုက်စစ် ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: The Sun

တန်ဟက်ဂ်က အန်တိုနီရဲ့ အရည်အသွေးတွေကို ကောင်းကောင်းကြီး သိသလို အန်တိုနီကလည်း အဲရစ် တန်ဟက်ဂ်ရဲ့ နည်းစနစ်အတိုင်း အကောင်းဆုံး လိုက်ကစားနိုင်တာကြောင့် အဲရစ် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် သူ့ရဲ့ တပည့်ရင်း အန်တိုနီကို မန်ချက်စတာ ယူနိုက်တက်ဆီ တပါထဲ ခေါ်ဆောင်ချင်နေပါတယ်။

အန်တိုနီကလည်း အဲရစ် တန်ဟက်ဂ်နဲ့ ဆက်လက် လက်တွဲချင်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်နေပြီး မန်ချက်စတာ ယူနိုက်တက်က အန်တိုနီအတွက် အေဂျက်ထံ တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ထားပေမယ့် အေဂျက်ကတော့ အန်တိုနီကို ရောင်းချဖို့ ငြင်းဆန်ထားပါတယ်။

Photo Credit: The Sun

လက်ရှိမှာတော့ အန်တိုနီ ၊ သူ့ရဲ့ အေးဂျင့်နဲ့ အေဂျက်ရဲ့ တာဝန်ရှိသူတွေက အန်တိုနီနဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ ဖြစ်ပေါ်လာအောင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အန်တိုနီက သူ့ရဲ့ အနာဂတ်ဟာ အေဂျက်မှာ ဆက်ရှိနေဖို့ မသေချာကြောင်းနဲ့ သူဟာ တန်ဟက်ဂ်ကို မကူညီနိုင်တဲ့ အတွက် ဝမ်းနည်းနေရကြောင်း နာမည်ကြီး သတင်းထောက် ဗာဝစ်ချ်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အန်တိုနီက – “တန်ဟက်ဂ်က အခုချိန်အထိ မန်ချက်စတာ ယူနိုက်တက်နဲ့ ရမှတ် ၁မှတ်မှ မရသေးလို့ ကျွန်တော်က သူ့အတွက် အောင်ပွဲမခံနိုင်သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ ကျွန်တော်က သူနဲ့အတူ မရှိနိုင်သလို သူကလည်း အဆင်မပြေမှုတွေနဲ့ ကြုံနေရလို့ ဝမ်းနည်းမိပါတယ်။ ဒါပေမယ့် ကျွန်တော်က အဲရစ်ကို သေချာသိတဲ့ လူတယောက် ဖြစ်တာကြောင့် သူဟာ ဆိုးရွားတဲ့ အခိုက်အတန့်တွေကို ပြောင်းပြန်လှန်နိုင်မယ် ဆိုတာ သေချာသိပါတယ်။ ကျွန်တော်က အေဂျက်မှာ ဆက်နေဖြစ်မလား ဆိုတာကိုတော့ ရာနှုန်းပြည့် တပ်အပ် မပြောနိုင်သေးပါဘူး။ ဘာတွေဖြစ်လာမလဲ ဆိုတာ ဘုရားသခင်ကပဲ သိပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။