ဝက်စ်ဟမ်း ယူနိုက်တက်အသင်းရဲ့ တိုက်စစ် ကစားသမား အန်တိုနီယိုက ဒီရာသီမှာ သူတို့ ဝက်စ်ဟမ်းအသင်းအနေနဲ့ လီဗာပူးလ်အသင်းရဲ့ အထက် မြင့်မားတဲ့ အဆင့် ရပ်တည်မှုတစ်ခုတွင် ရပ်တည်ပြမယ်လို့ ကြုံးဝါး ပြောကြားလိုက်ပါတယ်။
ဝက်စ်ဟမ်းအသင်းက ဒီနွေမှာ အသင်းရဲ့ အဓိက ကစားသမား အသင်းခေါင်းဆောင် ဒက်ကလန်ရိုက်စ်ကို ဆုံးရှုံးလိုက်ရပေမယ့်လည်း ဝက်စ်ဟမ်းက ကစားသမားသစ်တွေနဲ့ ပုံစံကောင်း ပြနေပြီး ရလဒ်တွေလည်း ကောင်းမွန်လို့နေပါတယ်။
Photo Credit : Rousing The Kop
ဝက်စ်ဟမ်းလိုပဲ လီဗာပူးလ်အသင်းကလည်း ကွင်းလယ်ပိုင်း အပြောင်းအလဲတွေ ကြီးကြီးမားမား လုပ်ဆောင်ထားခဲ့ရပြီး အသင်းက လက်ရှိမှာ ကွင်းလယ် နဲ့ တိုက်စစ် စွမ်းဆောင်ရည်ကောင်းတွေနဲ့ (၅)ပွဲ ကစားထားပြီးချိန် ရမှတ် (၁၃)မှတ်အထိ ပိုင်ဆိုင်ထားပါတယ်။
ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် လီဗာပူးလ် နဲ့ ဝက်စ်ဟမ်းတို့က ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ်မှာ ဆုံတွေ့ကြတော့မှာဖြစ်ပြီး လီဗာပူးလ်ရဲ့ အိမ်ကွင်း အန်ဖီးလ်မှာ ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။
Photo Credit : This is Anfield
“ဒီနှစ် ဘောလုံးရာသီမှာ ကျွန်တော်တို့က လီဗာပူးလ်အသင်းထက် ရပ်တည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက ကျွန်တော်တို့ ပွဲမတိုင်ခင် လီဗာပူးလ်က ဝုလ်ဗ်နဲ့ ကစားခဲ့တဲ့ ပွဲကိုလည်း ကျွန်တော် ကြည့်လိုက်မိသေးတယ်။ အဲ့ဒီပွဲမှာ သူတို့(လီဗာပူးလ်)က အခွင့်အရေးတွေ သိပ်မရခဲ့ပါဘူး။
“ဒီတစ်ပတ်မှာတော့ သူတို့နဲ့ ကျွန်တော်တို့ ကစားရပါမယ်။ ဒါက (၆)မှတ်တန်ပွဲပါ။ ဒါကို ကျွန်တော်တို့ အရယူပါမယ်။” လို့ အန်တိုနီယိုက ကြုံးဝါးလိုက်ပါတယ်။ အသက် (၃၃)နှစ်အရွယ် တိုက်စစ်မှူး အန်တိုနီယိုဟာ ဒီရာသီမှာ ဝက်စ်ဟမ်းအသင်းအတွက် ပြိုင်ပွဲစုံ (၆)ပွဲ ကစားထားခဲ့ပြီး (၂)ဂိုး သွင်းယူထားခဲ့ပါတယ်။