ဝါရင့်နည်းပြကြီး ကားလို့ အန်ဆယ်လော့တီက သူ့အနေနဲ့ သူရဲ့ နည်းပြဘဝကို လက်ရှိကလပ် ရီးယဲလ်မက်ဒရစ်အသင်းမှာပဲ အဆုံးသတ်သွားမှာဖြစ်ပြီး တခြားကလပ်အသင်း ဒါမှမဟုတ် လက်ရွေးစင်အသင်းတွေကို ကိုင်တွယ်မှာ မဟုတ်ဘူးလို့ အတိအလင်း ပြောကြားသွားခဲ့ပါတယ်။

နာမည်ကျော် အီတလီလူမျိုး ဘောလုံးနည်းပြကြီး အန်ဆယ်လော့တီက လက်ရှိမှာ အသက် (၆၄)နှစ်အရွယ် ရှိနေပြီဖြစ်ပြီ ရီးယဲလ်အသင်းနဲ့ကလည်း ၂၀၂၆ခုနှစ်အထိသာ စာချုပ်သက်တမ်း ကျန်ရှိနေတာမို့ သူ့ကို ဘရာဇီးလ် လက်ရွေးစင်အသင်း အပါအဝင် ကလပ်အသင်း အများအပြားကပါ စောင့်ကြည့်လို့နေပါတယ်။

Photo Credit : Eurosport

အန်ဆယ်လော့တီဟာ နည်းပြဘဝအတွင်း ဂျုဗင်တပ်စ် အေစီမီလန် ချယ်လ်ဆီး ပီအက်စ်ဂျီ ဘိုင်ယန်မြူးနစ် နာပိုလီ အဲဗာတန်တို့ကို ကိုင်တွယ်ခဲ့ပြီး ရီးယဲလ်ကိုတော့ နှစ်ကြိမ်တိုင်တိုင် ကိုင်တွယ်ဖြစ်ခဲ့ပါတယ်။ ဒီလို ကလပ်အသင်းပေါင်းစုံ ကိုင်တွယ်ခဲ့တဲ့ အန်ဆယ်လော့တီဟာ ဆုဖလား အောင်မြင်မှုတွေ များစွာလည်း ရယူနိုင်ခဲ့ပါတယ်။

လက်ရှိမှာလည်း အန်ဆယ်လော့တီက ရီးယဲလ်နည်းပြအဖြစ် ဆောင်ရွက်နေရင်း ဒီရာသီမှာ လာလီဂါဖလားနဲ့ စပိန်စူပါဖလားတို့ကို ရယူထားနိုင်ခဲ့သလို ချန်ပိယံလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအဆင့်ထိ တက်လှမ်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ အန်ဆယ်လော့တီက “ကျွန်တော် ရီးယဲလ်မက်ဒရစ်အသင်းမှာပဲ အနားယူသွားမှာပါ။ ဒါပေမယ့် ပထမဆုံးတော့ ချန်ပီယံလိဂ်ဖလားကိုပဲ လိုချင်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Mundo Deportivo

အန်ဆယ်လော့တီဟာ သူရဲ့နည်းပြဘဝအတွင်း အေစီမီလန်အသင်း ရီးယဲလ်မက်ဒရစ်အသင်းတို့နဲ့အတူ ချန်ပီယံလိဂ်ဖလား (၄)ကြိမ်အထိ ရယူခဲ့ပြီးနောက် ချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး နည်းပြအဖြစ် ရှိနေပြီး တကယ်လို့ အခုတစ်ကြိမ် ရီးယဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလားသာ ရလိုက်မယ်ဆိုရင် အန်ဆယ်လော့တီရဲ့ အောင်မြင်မှုကို အမီလိုက်နိုင်ဖို့ ခဲယဉ်းသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နည်းပြ အန်ဆယ်လော့တီဟာ လာမယ့် ဘောလုံးရာသီ ဒါမှမဟုတ် စာချုပ်သက်တမ်း ကျန်ရှိတဲ့အထိ ကိုင်တွယ်သွားဖို့ ရှိနေပြီး အဲ့ဒီလို ကိုင်တွယ်ပြီးရင်တော့ ရီးယဲလ်နဲ့ လမ်းခွဲပြီး တခြားအသင်းတွေကို မကိုင်တွယ်တော့ပဲ ရီးယဲလ်မှာပဲ သူရဲ့ နည်းပြဘဝကို အဆုံးသတ်သွားတော့မှာ ဖြစ်ပါတယ်။