ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြကြီး ကားလို့ အန်ဆယ်လော့တီက ဒီရာသီမှာ မထင်ထားလောက်အောင် ဂိုးအလွန်မြူးနေတဲ့ ကွင်းလယ်ကစားသမားလေး ဘယ်လင်ဟမ်ဟာ ဒီရာသီအတွင်းမှာပဲ ဂိုး(၂၀) (၂၅)ဂိုးလောက်အထိ အလွယ်တကူ သွင်းယူနိုင်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ဒီနွေဈေးကွက်မှ ဒေါ့မွန်ကနေ ရီးယဲလ်အသင်းဆီ ယူရို (၁၀၃)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဘယ်လင်ဟမ်ဟာ အခုဆိုရင် ရီးယဲလ်အတွက် ပြိုင်ပွဲစုံ (၁၃)ပွဲ ကစားထားပြီးချိန် ဘယ်လင်ဟမ်ရဲ့ သွင်းဂိုးက (၁၃)ဂိုးအထိတောင် ရှိနေရပါတယ်။

Photo Credit : Sky Sports

ကွင်းလယ်ပိုင်းအတွက် ကစားသမားတစ်ယောက် ခေါ်ယူခဲ့ပေမယ့် မမျှော်လင့်ပဲ တိုက်စစ်နေရာအတွက်ပါ ဂိုးသွင်းအလွန်ကောင်းတဲ့ တိုက်စစ်မှူးတစ်ဦး ရလိုက်သလို ဖြစ်သွားရတဲ့ ရီးယဲလ်အတွက်ကတော့ ဘယ်လင်ဟမ်က သေချာပေါက် singing of the season ဖြစ်လာပါလိမ့်မယ်။

အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ အင်္ဂလန် လက်ရွေးစင် ကစားသမားလေးရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး နည်းပြ အန်ဆယ်လော့တီက “သူ ဒီရာသီမှာ ဂိုး(၂၀) (၂၅)ဂိုးလောက်ကို အသာလေး ရောက်သွားနိုင်တယ်။ သူက ဂိုးသွင်းကောင်းသူလား တိုက်စစ်မှူးတစ်ဦးလားဆိုတာ ကျွန်တော်တို့ ခေါင်းထဲထည့်စရာ မလိုပါဘူး။ သူက ဂိုးတွေတော့ သွင်းနေမှာပဲ။”

Photo Credit : Eurosport

“သူက ဝါရင့် ကစားသမားကြီး တစ်ဦးလိုကို ကစားနေတာ။ ကျွန်တော်တို့က သရေရလဒ်တစ်ခုကို မလိုချင်ခဲ့ပေမယ့် သူရဲ့ ချေပဂိုးကြောင့် ကျွန်တော်တို့ ကစားသမားတွေ ပိုမို စိတ်ဓါတ် တက်ကြွလာခဲ့ရတယ်။” လို့ အမွှမ်းတင် ပြောဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဘယ်လင်ဟမ်က မကြာခင်မှာ ချီးမြှင့်တော့မယ့် ဘာလွန်းဒေါဆုအတွက် စိန်ခေါ်သူနေရာမှာ ရောက်နေသင့်လားလို့ မေးမြန်းလာရာ အန်ဆယ်လော့တီက “ဘာလွန်းဒေါဆုရဲ့ အဆင့်သတ်မှတ်ချက် ဘယ်နေရာလောက်မှာ သူရှိနေနိုင်မလဲ ဆိုတာကိုတော့ မသိပါဘူး။ ဒါပေမယ့် ကျွန်တော် သိထားတာကတော့ သူက ကျွန်တော်တို့အတွက် သက်ရောက်မှုကြီးတွေ ဖန်တီးပေးနိုင်တယ် ဆိုတာပါပဲ။” လို့ ဖြေဆိုသွားခဲ့ပါတယ်။