တူရကီ ဆယ်ကျော်သက် လူငယ် ကွင်းလယ်ကစားသမားလေး အဒါဂူလာက ရီးယဲလ်မက်ဒရစ်အသင်းမှာ ပိုမိုပြီးတော့ တောက်ပလာနိုင်မယ့် အလားအလာကောင်းတွေ ပိုင်ဆိုင်ထားသူ ဖြစ်တယ်လို့ နည်းပြကြီး ကားလို့ အန်ဆယ်လော့တီက ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

အသက် (၁၉)နှစ်အရွယ်ရှိ ကွင်းလယ် တိုက်စစ်ကစားသမားလေး အဒါဂူလာဟာ တူရကီ ထိပ်သီးကလပ် ဖီနာဘာချီအသင်းရဲ့ လူငယ် အကယ်ဒမီထွက်ဖြစ်ပြီး ဒီနှစ်နွေမှပဲ ဖီနာဘာချီကနေ ရီးယဲလ်အသင်းဆီကို ပေါင် သန်း(၂၀)နဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Fabrizio Romano

ဥရောပ ထိပ်သီးအသင်းတွေရဲ့ ပစ်မှတ် ကစားသမားဖြစ်ခဲ့တဲ့ အဒါဂူလာကို မရရအောင် ခေါ်ယူခဲ့တဲ့ ရီးယဲလ်က ဒီကစားသမားလေးကို ဒဏ်ရာပြသာနာတွေကြောင့် ရက်ပေါင်း (၁၀၆)ရက်အထိ အနားပေးခဲ့ရပြီး ဂူလာကလည်း လက်ရှိအချိန်ထိ ရီးယဲလ်အတွက် ပြိုင်ပွဲစုံ (၆)ပွဲသာ ကစားပေးထားခဲ့ရပါတယ်။

အခုတော့ အဒါဂူလာက ဆယ်လ်တာဗီဂိုနဲ့ လာလီဂါပွဲစဉ်မှာပဲ အသင်းအတွက် လူစားဝင် ကစားပေးရင်းနဲ့ ပွဲပြီးဆုံးခါနီးမှာပဲ ဂိုးသမားကို တစ်ချက် လိမ်ခေါက်ပြီး သူရဲ့ ရီးယဲလ်ကစားသမားဘဝ ပထမဦးဆုံး သွင်းဂိုးကို လှလှပပ သွင်းယူသွားနိုင်ခဲ့ပါတယ်။

Photo Credit : Haberler

ဒီလို သွင်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့ အဒါဂူလာနဲ့ ပတ်သက်ပြီး နည်းပြကြီး အန်ဆယ်လော့တီက “သူက ထိပ်တန်း အရည်အသွေးကောင်းတွေ ရှိနေတဲ့သူပါ။ သူက ရီးယဲလ်မက်ဒရစ်အသင်းမှာ အရေးပါတဲ့ အနာဂတ်ကောင်းတွေလည်း ရှိနေတယ်ဆိုတာ သေချာပါတယ်။”

“သူက အရမ်းလှပတဲ့ သွင်းဂိုးကို သွင်းယူခဲ့ပြီး ဒီအသင်းမှာ သူရဲ့ ကြီးမားတဲ့ အနာဂတ် ရှိနေမယ်ဆိုတာ ကျွန်တော် သေချာပေါက် ပြောနိုင်တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော် အာမခံနိုင်ပါတယ်။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။