ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပိန် ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ ပွဲစဉ်မှာတော့ ဧည့်သည် ရီးရဲလ်မက်ဒရစ်က အိမ်ရှင် ဘာစီလိုနာကို ၀-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ နှစ်ကျော့ပေါင်းရလဒ် ၄-၁နဲ့ ဗိုလ်လုပွဲဆီ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က ခါးသီးပြိုင်ဘက်တွေ ဖြစ်သလို ယှဉ်ပြိုင် ကစားရတဲ့ ပွဲစဉ်က ကိုပါဒယ်ရေး ဆီမီးဖိုင်နယ်ပွဲ ဖြစ်တာကြောင့် နှစ်သင်းစလုံးက အကောင်းဆုံး လူစာရင်းတွေ ထုတ်သုံးကာ အနိုင်ရဖို့ အတွက် ဦးတည် ကစားခဲ့ကြပြီး ပထမအကျော့မှာ ၀-၁နဲ့ အနိုင်ရခဲ့တဲ့ ဘာစီလိုနာက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားဖို့ ပြင်ဆင်လာချိန်မှာ အယ်ကလပ်စီကို ၃ပွဲဆက် ရှုံးနိမ့်ထားတဲ့ ရီးရဲလ်မက်ဒရစ်က ရှုံးကြွေးတွေ ပြန်ဆပ်နိုင်ဖို့ ပွဲစကတည်းက အတင်းဝင် ၊ အတင်းထွက် ကစားဟန်နဲ့ ကစားခဲ့ပါတယ်။

Photo Credit: Marca

အယ်ကလပ်စီကိုဒါဘီ ဖြစ်တာနဲ့ အညီ ပွဲစတယ် ဆိုတာနဲ့ အဝါကတ်တွေ ၊ ပြစ်ဒဏ်ဘောတွေ ပလူပျံခဲ့ပြီး ပထမပိုင်းမှာတင် စုစုပေါင်း အဝါကတ် ၄ကတ် အထိ ရှိခဲ့ပါတယ်။ ပွဲစချိန်မှာ ဘာစီလိုနာက ပရိသတ်အားနဲ့ ရီးရဲလ်မက်ဒရစ်ကို ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ပွဲချိန် ကြာလာတာနဲ့အမျှ ဧည့်သည် ရီးရဲလ်မက်ဒရစ်ရဲ့ ကစားဟန်က ပိုကောင်းလာခဲ့ပြီး ပွဲချိန် ၄၅+၁မိနစ်မှာ ဗင်နီးစီးယပ်စ်က ရီးရဲလ်မက်ဒရစ် အတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရတာကြောင့် အိမ်ရှင် ဘာစီလိုနာက ဒုတိယပိုင်းမှာ တိုက်စစ်မြှင့်လာခဲ့ပေမယ့် ဧည့်သည် ရီးရဲလ်မက်ဒရစ်ကသာ အနိုင်ဂိုးတွေ ဆက်သွင်းနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် အတွက် အနိုင်ဂိုး ၃ဂိုးစလုံးကို အသင်းခေါင်းဆောင် ဘန်ဇီမာ တဦးထဲက ပွဲချိန် ၅၀မိနစ် ၊ ၅၈မိနစ် (P)နဲ့ ၈၀မိနစ်တို့မှာ သွင်းယူပေးခဲ့တာပါ။

Photo Credit: Marca

ဘာစီလိုနာကို နူးကမ့်မှာ ၀-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် တသင်းလုံးနဲ့ နည်းပြ အန်ဆလော့တီတို့က အတော်လေးကို ပျော်ရွှင်နေကြပြီး အန်ဆလော့တီက သူတို့အသင်းဟာ ဘာစီလိုနာကို ပြီးပြည့်စုံတဲ့ ကစားဟန်နဲ့ ဖိကစားကာ ဂိုးပြတ် အနိုင်ရခဲ့တာပါလို့ ပွဲပြီးဆုံးချိန်မှာ ပြောကြားသွားခဲ့ပါတယ်။

အန်ဆလော့တီက – “ဒီပွဲက ကျွန်တော်တို့ အတွက် ပြီးပြည့်စုံတဲ့ ပွဲလေးပါ။ အသင်းတသင်းက ၄-၀ ဆိုတဲ့ ရလဒ်မျိုးနဲ့ အနိုင်ရပြီဆိုရင် အဲ့ဒီပွဲမှာ သူတို့တွေ လုပ်သမျှ ဖြစ်ခဲ့တယ် ဆိုတာကို သိရပါမယ်။ ကျွန်တော်တို့က ပွဲကောင်း တပွဲကို ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အဖွင့်ဂိုးက ပွဲရဲ့ ချိန်ခွင်လျှာကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ အဖွင့်ဂိုး ရခဲ့ပြီးနောက် ကျွန်တော်တို့က ခံစစ်-တိုက်စစ် အကူးအပြောင်းတွေမှာ နေရာလွတ်တွေကို ပိုရှာနိုင်ခဲ့ပါတယ်။ ပထမပိုင်းက ကျွန်တော်တို့ အတွက် နည်းနည်းလေး ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့က အရမ်းကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်က ဖိအားပေးလာတဲ့ အချိန်တွေမှာလည်း ကျွန်တော်တို့က ပျာမသွားခဲ့ပါဘူး။ ကျွန်တော်တို့က သူတို့ရဲ့ ခံစစ်မှာ ရှိနေတဲ့ နေရာလွတ်တွေကို အသုံးချနိုင်မယ် ဆိုတာ ကြိုသိခဲ့ကြပါတယ်။ ကျွန်တော်တို့က ပြီးပြည့်စုံတဲ့ နိုင်ပွဲကို ရခဲ့တာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။