စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြချုပ် ဖြစ်သူ အန်ဆလော့တီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ချယ်လ်ဆီးကို ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် ချယ်လ်ဆီးရဲ့ အဖွင့်ဂိုး ဖြစ်သွားနိုင်တဲ့ ကူကူရယ်လာရဲ့ ကန်ချက်ကို စွမ်းစွမ်းတမံ ကာကွယ်ပြခဲ့တဲ့ နံပါတ်တစ် ဂိုးသမား ကော်တိုရစ်အား ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်က ချယ်လ်ဆီးကို ပထမအကျော့မှာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရထားတာကြောင့် ဒုတိယအကျော့ အဖြစ် စတမ်းဖို့ဒ် ဘရေ့ချ်မှာ ကစားရတဲ့ ပွဲစဉ်မှာ အနိမ့်ဆုံး သရေ ကစားနိုင်ရုံနဲ့ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်က ရိုဒရီဂိုရဲ့ သွင်းဂိုးတွေနဲ့အတူ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ နှစ်ကျော့ပေါင်း ရလဒ် ၄-၀နဲ့ ဆီမီးဖိုင်နယ်ဆီ ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့တာပါ။

Photo Credit: Marca

ချယ်လ်ဆီး ၀-၂ ရီးရဲလ်မက်ဒရစ် ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပြီး အိမ်ရှင် ချယ်လ်ဆီးက ပရိသတ်အားကြောင့် ပထမပိုင်းမှာ ရီးရဲလ်မက်ဒရစ်ကို ကစားကွက်အသာနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် ချယ်လ်ဆီး ဘယ်နောက်ခံလူ ကူကူရယ်လာရဲ့ ဂိုးဧရိယာအတွင်း အပိုင် ကန်သွင်းချက်ကို ကော်တိုရစ်က လက်စွမ်းပြ ကာကွယ်သွားတာကြောင့် ဦးဆောင်ဂိုးတော့ မသွင်းနိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီက နည်းစနစ် အပြောင်းအလဲ တချို့ လုပ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ကစားဟန်ကလည်း ပိုကောင်းလာခဲ့ကာ ရိုဒရီဂိုက ပွဲချိန် ၅၈မိနစ်နဲ့ ၈၀မိနစ်တို့မှာ ရီးရဲလ်မက်ဒရစ် အတွက် အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့တာပါ။

Photo Credit: Live Scores

ပွဲပြီးဆုံးချိန်မှာတော့ အန်ဆလော့တီက သူတို့အသင်း ကျဉ်းထဲကြပ်ထဲ ရောက်သွားနိုင်တဲ့ ကူကူရယ်လာရဲ့ ကန်ချက်ကို လက်စွမ်းပြ ကာကွယ်ခဲ့တဲ့ ကော်တိုရစ်ကို ချီးကျူးသွားခဲ့ပြီး ကော်တိုရစ်ရဲ့ ကာကွယ်မှုဟာ သူရဲကောင်းဆန်တဲ့ ကာကွယ်မှု ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

အန်ဆလော့တီက – “ချယ်လ်ဆီးက ပထမပိုင်းမှာ ကျွန်တော်တို့ထက် စိတ်ဓာတ်ပိုင်း အသာရနေခဲ့တာပါ။ ကော်တိုရစ်ရဲ့ ကာကွယ်မှုက (ကူကူရယ်လာရဲ့ ကန်ချက်အား ကာကွယ်မှု) အရမ်းကို အရေးပါခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့က ပွဲကို ပိုကောင်းအောင် ထိန်းချုပ်နိုင်ခဲ့သလို နေရာလွတ်တွေလည်း ပိုရခဲ့ပါတယ်။ ကျွန်တော်တို့က ဒီလိုမျိုး ပွဲတွေမှာ ရလဒ်ကောင်း ရဖို့ အတွက် ရုန်းကန် ကြိုးစားရမယ် ဆိုတာ သိပါတယ်။ သူတို့က (ချယ်လ်ဆီး) လုပ်နိုင်သမျှ အကုန်လုံး လုပ်သွားခဲ့တာပါ။ ချယ်လ်ဆီးက ကျွန်တော်တို့အတွက် ပြဿနာတွေ ဖြစ်စေခဲ့ပါတယ်။ ကျွန်တော်တို့က ပြီးပြည့်စုံတဲ့ နိုင်ပွဲ တပွဲကို ရသွားခဲ့တာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။