ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်နည်းပြကြီး ကားလို့ အန်ဆယ်လော့တီက ဒီရာသီ အာဆင်နယ်အသင်းရဲ့ ခံစစ်တန်းမှာ ခြေစွမ်းကောင်းတွေ ပြသလျက် ရှိနေတဲ့ ခံစစ်မှူး ဝီလီယံ ဆလီဘာကို အသင်းဆီ ခေါ်ဆောင်ဖို့အတွက် စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၃)နှစ်အရွယ်သာ ရှိနေသေးတဲ့ ပြင်သစ် လက်ရွေးစင် ဗဟိုခံစစ်မှူး ဆလီဘာဟာ အာဆင်နယ်ရဲ့ ဗဟိုခံစစ်မှာ ဂါဘရီရယ်လ်နဲ့ တွဲဖက်ပြီး အကောင်းဆုံးသော စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့ကာ ဒီရာသီ ပရီးမီးယားလိဂ်မှာလည်း ပေးဂိုးအနည်းဆုံး ခံစစ်ပါ ဖြစ်နေရပါတယ်။

Photo Credit : Transfermarket

ဒါ့အပြင် အသင်းဖော် ခံစစ်မှူး ဂါဘရီရယ်လ်ထက်ပါ ပိုမိုကောင်းမွန်တဲ့ ခံစစ်စွမ်းဆောင်ရည်တွေ ပြသထားနိုင်ခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ Team of The Season မှာပါ ရွေးချယ်ခံရဖို့ သေချာသလောက်ကို ရှိနေရပါတယ်။

ဒီလို ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ နောက်ခံလူ ဆလီဘာကို ဥရောပထိပ်သီး ကလပ်အသင်းတွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ် ၊ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့က စတင် စိတ်ဝင်စားလာကြပြီး လာမယ့်နွေမှာပဲ ကမ်းလှမ်းမှုတွေပါ လုပ်ဆောင်ကြဖွယ်လည်း ရှိနေပါတယ်။

Photo Credit : now.arsenal

ဒီအသင်း (၃)သင်းလုံးမှာတော့ ရီးယဲလ်အသင်းက ဆလီဘာကို စိတ်အဝင်စားဆုံး ဖြစ်လို့နေပြီး မီလီတာအို ရူဒီဂါ အလာဘာ နာချိုတို့ ရှိနေတဲ့ ဗဟိုခံစစ်မှာ နာချိုကို လာမယ့်နွေမှာ လက်လွတ်ရတော့မှာ ဖြစ်သလို ရူဒီဂါ နဲ့ အလာဘာတို့ဟာလည်း အသက်အရွယ် တစ်ခု ရနေပြီဖြစ်လို့ ဆလီဘာလို ငယ်ရွှယ်ပြီး အရည်အသွေးမြင့်မားတဲ့ ခံစစ်မှူးမျိုးကို လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်ဘက်ကတော့ ဆလီဘာလို အသင်းအတွက် အရေးအပါဆုံးသော အဓိက ကစားသမားတစ်ဦးကို လုံးဝ လက်လွတ်သွားမှာ မဟုတ်ပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းထားနိုင်ဖွယ်သာ ရှိနေပါတယ်။