မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ရူဘင် အမော်ရင်က အဲဗာတန်ကို (၄)ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ သူတို့အသင်းအနေနဲ့ အသင်းရလဒ်ပိုင်းတွေထက် အသင်းစွမ်းဆောင်ရည်ပိုင်းတွေကို ပိုမိုပြီး အာရုံစိုက်သွားရမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အမော်ရင်က ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ (၃)ပွဲမှာ အစ်ဝစ်ချ်ကို တစ်ဂိုးစီသရေ ဘိုဒယ်ဂလင့်ကို (၃)ဂိုး (၂)ဂိုးနဲ့ အနိုင်ရပြီး မနေ့ကလည်း အဲဗာတန်ကို (၄)ဂိုး ဂိုးမရှိနဲ့ပါ အနိုင်ရထားခဲ့ပါတယ်။ အမော်ရင်လက်ထက်မှာ အသင်းက ရလဒ်ပိုင်းတွေ သိပ်မဆိုးလှပေမယ့် အမြဲတမ်း ရလဒ်ကောင်းနေဖို့ပဲ အာရုံစိုက်ထားလို့ မဖြစ်ဘူးလို့ အမော်ရင်က ပြောဆိုခဲ့ပါတယ်။

Photo Credit : myKhel

ပေါ်တူဂီလူမျိုး ဘောလုံးနည်းပြ အမော်ရင်က 3 backs ကို အသုံးပြုတက်သူ ဖြစ်သလို ယူနိုက်တက်ကို ကိုင်တွယ်ချိန်မှာလည်း သူရဲ့ နည်းဗျူဟာအတိုင်းသာ အသုံးပြုရင်း ကစားသမားတွေကိုပါ သူရဲ့ ကစားကွက်မှာ အံ့ဝင်ခွင်ကျ ဖြစ်လာအောင် လုပ်ဆောင်နေပါတယ်။ အခုဆိုရင်လည်း အမော်ရင်ရဲ့ ကစားကွက်မှာ ယူနိုက်တက် ကစားသမား တချို့က fit ဖြစ်လာခဲ့ရင်း performance ကောင်းတွေပါ ပြသလာနိုင်ခဲ့ပါတယ်။

အဲဗာတန်ကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ အမော်ရင်က “ရလဒ်က ကောင်းမွန်ခဲ့ပေမယ့် ကျွန်တော်တို့က လက်တွေ့ဆန်ခဲ့တယ်။ ကစားပုံအရ လိုအပ်ချက်တွေ ရှိနေခဲ့ပေမယ့်လည်း လက်တွေ့ဆန်စွာ ကစားခဲ့တယ်။ ကျွန်တော်တို့က ကျွန်တော်တို့ လုပ်ရမယ့် အလုပ်ကို လုပ်ဆောင်ခဲ့တယ်။ ဒါက အနိုင်ရဖို့ပါပဲ။ ကျွန်တော်တို့ သွားရမယ့်လမ်းက အဝေးကြီး လိုနေသေးတယ်ဆိုတာ ခင်ဗျားတို့ ခံစားမိရလိမ့်မယ်။”

Photo Credit : Sunday World

“ပထမပိုင်း မိနစ်အနည်းငယ်မှာပဲ ခံစားမိနိုင်တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ အဆင်ပြေနေခဲ့ပေမယ့် နောက်တော့ အဲဗာတန်က ပွဲကို ထိန်းချုပ်နိုင်ခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့က မှန်ကန်တဲ့ အခိုက်အတန့်ကနေ ဂိုးတွေရလာပြီး ပွဲကို ပြောင်းလဲခဲ့တယ်။ ရလဒ်တွေကိုပဲ အာရုံစိုက်နေလို့တော့ မရပါဘူး။ ရလဒ်ကောင်းတွေ ထွက်ပေါ်ဖို့ကိုလည်း အာရုံစိုက်ရပါမယ်။”

“ဒီပွဲမစခင်က ကျွန်တော် ပြောခဲ့သလို ကျွန်တော်တို့မှာ လုပ်စရာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် နိုင်ပွဲတွေနဲ့အတူ လုပ်ဆောင်သွားရတာကတော့ ပိုကောင်းပါတယ်။ ရလဒ်ပိုင်းတွေထက် စွမ်းဆောင်ပိုင်းကို ပိုပြီး အာရုံစိုက်ကြရအောင်ဗျာ။” လို့ ပြောဆိုခဲ့ပါတယ်။ အမော်ရင်ရဲ့ ယူနိုက်တက်ကတော့ လာမယ့် ကြာသပတေးနေ့မှာပဲ အာဆင်နယ်နဲ့ ပွဲကျပ် ရင်ဆိုင်ရတော့မှာဖြစ်ပြီး ဒီပွဲကလည်း အမော်ရင်အတွက် ကြီးမားတဲ့ စမ်းသပ်မှုတစ်ခုလည်း ဖြစ်လာပါလိမ့်မယ်။