ပေါ်တူဂီ ထိပ်သီးကလပ် စပို့တင်း လစ္စဘွန်းရဲ့ နည်းပြချုပ် ရူဘင် အမိုရင်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ နည်းပြချုပ် ယာဂင် ကလော့ပ်နဲ့ လမ်းခွဲတော့မယ့် လီဗာပူးရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေကြောင်း လီဗာပူးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၃၉နှစ် အရွယ် ပေါ်တူဂီနည်းပြ အမိုရင်က ၂၀၁၈ခုနှစ်မှာ နည်းပြလောကထဲကို စတင် ဝင်ရောက်ခဲ့ပြီး သူက စပို့တင်း လစ္စဘွန်းကို မကိုင်တွယ်ခင်မှာ ကာဆာ ပီရာ ၊ ဘရာဂါ အရန်အသင်းနဲ့ ဘရာဂါတို့ကို ကိုင်တွယ်ခဲ့ကာ စပို့တင်း လစ္စဘွန်းက အမိုရင်ကို ၂၀၂၀ခုနှစ်မှာ အသင်းရဲ့ နည်းပြချုပ် အဖြစ် တာဝန်ပေးခဲ့တာပါ။

Photo Credit: Transfer market

အမိုရင်က တိုက်စစ်အားသန် ကစားကွက်ကို ပင်တိုင် အသုံးပြုလေ့ ရှိသူ ဖြစ်ကာ သူက စပို့တင်း လစ္စဘွန်းကို ရောက်ရှိပြီးနောက် ပေါ်တူဂီ လူငယ်တွေကို အခြေပြုကာ မြန်နှုန်းမြင့် ကစားဟန်ကို အခြေတည်ခဲ့ပြီး သူ့ရဲ့ လက်အောက်မှာ စပို့တင်း လစ္စဘွန်းက ဆုဖလား အမြောက်အမြားကို ရယူနိုင်ခဲ့ပါတယ်။

စပို့တင်း လစ္စဘွန်းက ပြည်တွင်းပြိုင်ဘက်တွေ ဖြစ်တဲ့ ပေါ်တို ၊ ဘင်ဖီကာတို့လောက် ငွေကြေးအင်အား မတောင့်တင်းတာကြောင့် နာမည်ကျော် ကစားသမားတွေကို မခေါ်ယူနိုင်ပေမယ့် အမိုရင်ရဲ့ ဦးဆောင်နိုင်စွမ်းကြောင့် ၄နှစ်တာ ကာလအတွင်းမှာ ပေါ်တူဂီလိဂ်ဖလား ၁ကြိမ် ၊ ပေါ်တူဂီ ရှုံးထွက်ဖလား ၂ကြိမ်နဲ့ ပေါ်တူဂီ စူပါဖလား ၁ကြိမ် စုစုပေါင်း ဆုဖလား ၄လုံး အထိ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Tribuna

လီဗာပူးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် လီဝစ် စတီလီရဲ့ ဖော်ပြချက်အရ လီဗာပူးရဲ့ ဦးစားပေး ပစ်မှတ် ဖြစ်တဲ့ ဇာဘီ အလွန်ဆို တယောက် လေဗာကူဆင်မှာ နောက်ထပ် ၁ရာသီ ဆက်နေဖို့ ဆုံးဖြတ်ပြီးနောက် အမိုရင်ဟာ လီဗာပူးရဲ့ နည်းပြသစ် ဖြစ်လာဖို့ အတော်လေး နီးစပ်နေပြီး လီဗာပူးရဲ့ တာဝန်ရှိသူတွေက အမိုရင်ရဲ့ ကိုယ်စားလှယ်တွေထံ ဆက်သွယ်မှုတွေပါ လုပ်ထားကြောင်း သိရှိရပါတယ်။

အမိုရင်က စပို့တင်း လစ္စဘွန်းနဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်နေသေးပေမယ့် သူနဲ့ စပို့တင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပါဝင်နေပြီး အမိုရင်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၁၇သန်း ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။