မန်ချက်စတာ စီးတီးအသင်းရဲ့ တောင်အမေရိကကြယ်ပွင့် တိုက်စစ်ကစားသမားလေး ဂျူလီယန် အယ်လ်ဗာရက်ဇ်က မန်စီးတီးနဲ့အတူ နောက်ထပ် ဆုဖလားတွေ ထပ်မံ ရယူသွားဖို့ ကြိုးစားသွားမယ်လို့ ကြွေးကြော်လိုက်ပါတယ်။

အသက် (၂၃)နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် ကစားသမား အယ်လ်ဗာရက်ဇ်ဟာ မနှစ်ကမှ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာခဲ့ပေမယ့် လက်ရှိမှာတော့ အယ်လ်ဗာရက်ဇ်က မန်စီးတီးနဲ့အတူ ရှိသမျှ ဆုဖလားတွေ အားလုံးကို ဆွတ်ခူး ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Photo Credit : BBC

မန်စီးတီးနဲ့အတူ ချန်ပီယံလိဂ်ဖလား ၊ ဥရောပစူပါဖလား ၊ ကလပ်ကမ္ဘာ့ဖလား ၊ ပရီးမီးယားလိဂ်ဖလား နဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးထားခဲ့တဲ့ အယ်လ်ဗာရက်ဇ်ကို လက်ရှိမှာ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာ နဲ့ ရီးယဲလ်မက်ဒရစ်တို့က အပြိုင်အဆိုင် စိတ်ဝင်စားကြလျက် ရှိနေပါတယ်။

အယ်လ်ဗာရက်ဇ်က မန်စီးတီးမှာ အချိန်တိုလေးအတွင်း အောင်မြင်မှုများစွာကို ရယူထားနိုင်ပေမယ့် ဘောလုံးသမားတိုင်းရဲ့ Dream Clubs ရီးယဲလ် နဲ့ ဘာစီတို့ထံကနေ စိတ်ဝင်စားမှု ရလာခဲ့ခြင်းက အယ်လ်ဗာရက်ဇ်အတွက် စဉ်းစားစရာတစ်ခုပါ ဖြစ်လာနိုင်ပါတယ်။

Photo Credit : City Xtra

ဒါပေမယ့် ဒီနှစ်သင်းလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိနေသည့်တိုင် အယ်လ်ဗာရက်ဇ်ကတော့ “အမှန်ကတော့ ကျွန်တော် မန်စီးတီးအသင်းမှာ အရမ်း ပျော်ရွှင်နေပါတယ်။ ကျွန်တော် ဒီကလပ်အသင်းမှာ ပါဝင်ကစားနေတာလည်း တစ်နှစ်ရှိနေပါပြီ။ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတိုင်းအတွက် အရမ်းကို ပျော်ရွှင်နေတယ်လို့ ခံစားရပါတယ်။”

“အခု ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ယှဉ်ပြိုင်နေဖို့ဖြစ်ပြီး ဆုဖလားတွေ အားလုံးကို ထပ်မံ ရယူသွားဖို့လည်း ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ အယ်လ်ဗာရက်ဇ်ဟာ မကြာသေးခင်ကမှ မန်စီးတီးနဲ့ ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်းလည်း တိုးမြှင်ထားတာမို့ မန်စီးတီးမှာပဲ ဆက်လက် ရှိနေဖို့က သေချာနေပါတယ်။