ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်ကြတဲ့ လီဗာပူး ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ကွင်းလယ်လူဟောင်း တဦး ဖြစ်သူ ဂန္တဝင် ကစားသမားကြီး အလွန်ဆိုက မကြာခင်မှာပဲ ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လေဗာကူဆင်ရဲ့ နည်းပြချုပ် ရာထူးကို ရယူကာ နည်းပြလောကထဲကို စတင် ​ဝင်ရောက်လာတော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေ အားလုံးက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၄၀ အရွယ် ရှိနေပြီ ဖြစ်တဲ့ စပိန်ဂန္တဝင် ကွင်းလယ်လူဟောင်း အလွန်ဆိုဟာ ၂၀၁၇ခုနှစ်ထဲက ကစားသမား ဘဝ ကနေ အနားယူထားသူ ဖြစ်ပြီး သူက ကစားသမားဘဝ ကနေ အနားယူပြီးနောက် နည်းပြတဦး အဖြစ် ဘောလုံးလောကထဲကို ပြန်လည် ဝင်ရောက်နိုင်ဖို့ နည်းပြသင်တန်းတွေ တက်ရောက်ထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Sky Sports

အလွန်ဆိုဟာ ဘောလုံးဦးနှောက် ကောင်းမွန်တဲ့ ကွင်းလယ်ခံစစ် ကစားသမား တဦး အဖြစ် ဥရောပမြေမှာ သက်သေထူထားသူ တဦး ဖြစ်တာကြောင့် နည်းပြတဦး ဖြစ်လာအောင် ကြိုးစား လေ့ကျင့်နေချိန် ကာလအတွင်းမှာလည်း ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန်ကိုပဲ သူ့ရဲ့ အဓိက ကစားဟန် အဖြစ် သုံးစွဲလေ့ ရှိပြီး သူ ကိုင်တွယ်တဲ့ လူငယ်အသင်းတိုင်းဟာ ကောင်းမွန်တဲ့ ကစားကွက်နဲ့အတူ နိုင်ပွဲတွေ ရယူနိုင်လေ့ ရှိကြောင်း အလွန်ဆိုနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။

အလွန်ဆိုရဲ့ နည်းစနစ်ပိုင်း ကြွယ်ဝမှုကြောင့်ပဲ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေတဲ့ လေဗာကူဆင်က သူတို့အသင်းရဲ့ နည်းပြဖြစ်သူ ဆီရိုအာနီကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် အလွန်ဆိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေပြီး အလွန်ဆိုကလည်း လေဗာကူဆင်ရဲ့ နည်းပြရာထူး ကမ်းလှမ်းမှုကို လက်ခံရန် အသင့် ရှိနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက အခိုင်အမာ ဖော်ပြထားပါတယ်။

Photo Credit: Sky Sports

နောက်ထပ် နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ မာကာသတင်းဌာနကလည်း အလွန်ဆိုဟာ လေဗာကူဆင်ထံ နည်းပြချုပ်ရာထူးနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်းအား ထပ်ဆင့် အတည်ပြုပေးထားပြီး အလွန်ဆိုက လေဗာကူဆင်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြောင်းလည်း ဆိုပါတယ်။

လက်ရှိမှာတော့ လေဗာကူဆင်က နည်းပြချုပ်ဖြစ်သူ ဆီရိုအာနီကို ရာထူးကနေ ထုတ်ပယ်ကြောင်း မကြေညာရသေးပေမယ့် အသင်းနဲ့ နီးစပ်သူတွေကတော့ ဆီရိုအာနီဟာ ယခုတပတ် မကုန်ခင်မှာပဲ လေဗာကူဆင် ကနေ ထွက်ခွာဖွယ် ရှိကြောင်း သတင်းဌာနတွေကို ပြောကြားထားတာကြောင့် အလွန်ဆိုဟာ ယခုသီတင်းပတ် အကုန်မှာပဲ လေဗာကူဆင်ရဲ့ နည်းပြချုပ်ရာထူးကို စတင် ယူရဖွယ် ရှိနေပါတယ်။