နယူးကာဆယ် ယူနိုက်တက်အသင်းရဲ့ ပါရာဂွေးကြယ်ပွင့် တိုက်စစ်ကစားသမား မီဂွယ်လ် အယ်လ်မီရွန်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ရှာဘတ်အသင်းဆီ ပြောင်းရွှေ့သွားဖို့ နီးစပ်လျက် ရှိနေပြီလို့ ဗြိတိန် နာမည်ကျော် သတင်းထောက် ဘင်ဂျာကော့စ်က ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၉)နှစ်အရွယ် ပါရာဂွေး လက်ရွေးစင် ကွင်းလယ်တိုက်စစ် နဲ့ တောင်ပံကစားသမား အယ်လ်မီရွန်ဟာ ၂၀၁၉ခုနှစ်ကတည်းက မေဂျာလိဂ်ကလပ် အတ္တလန်တာ ယူနိုက်တက်ကနေ နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Sun

လက်ရှိမှာ နယူးကာဆယ်အတွက် (၅)ရာသီနီးပါး ပါဝင်ကစားထားခဲ့သလို ဒီရာသီမှာဆိုရင်လည်း အသင်းအတွက် ပြိုင်ပွဲစုံ (၃၁)ပွဲအထိ ကစားပေးထားခဲ့ပါတယ်။ နယူးကာဆယ်အတွက် အဓိက ကစားသမားတစ်ဦးလို ဖြစ်နေတဲ့ အယ်လ်မီရွန်ဟာ အခုတော့ နယူးကာဆယ်ကနေ ဆော်ဒီကို ပြောင်းရွှေ့ဖို့ပါ အကြောင်းဖန်လာခဲ့ပါတယ်။

နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေအတွင်း ဘဏ္ဍာရေးရှင်းတမ်းများမှာ ဆက်တိုက် အရှုံးပေါ်မှုတွေကြောင့် ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းများနဲ့ မညှ်ိစွန်းစေဖို့အတွက် အသင်းရဲ့ နာမည်ကြီး ကစားသမားတွေကို ရှင်းထုတ်ပြီး ငွေရှာဖို့ လိုအပ်လာခဲ့ပါတယ်။

Photo Credit : Football Insider

ဒါကြောင့်လည်း နယူးကာဆယ်က ဆော်ဒီ အိမ်ရှေ့မင်းသား ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်း ဖြစ်လင့်ကစား FFP Rules နဲ့ ကိုက်ညီနေစေဖို့အတွက် အယ်လ်မီရွန်လို ထိပ်တန်း ကစားသမားမျိုးကို ရောင်းထုတ်ဖို့ စီစဉ်လာခဲ့ရတာ ဖြစ်ပါတယ်။

ဘင်ဂျာကော့စ်ရဲ့ ဖော်ပြချက်မှာတော့ အယ်လ်မီရွန်ရဲ့ အပြောင်းအရွှေ့အတွက် နယူးကာဆယ် နဲ့ အယ်လ်ရှာဘတ်အသင်းတို့ရဲ့ကြား သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပြီး အယ်လ်မီရွန်ကတော့ ဆွေးနွေးနေဆဲဖြစ်လို့ အပြောင်းအရွှေ့က အပြီးမသတ်သေးပေမယ့် အထမြောက်သွားဖို့ နီးစပ်နေပြီလို့ သိရပါတယ်။