ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ နံပါတ်တစ် ဂိုးသမား အယ်လီဆန်က မကြာသေးမီကမှ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ဘရန့်ဖို့ဒ်နဲ့ လီဗာပူး ပွဲစဉ်ကို လွဲချော်တော့မယ်လို့ သိရှိရပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ်လက်ရွေးစင် ဂိုးသမား အယ်လီဆန်က ၂၀၁၈ခုနှစ်မှာ ရိုးမား ကနေ လီဗာပူးထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အဓိက ဂိုးသမား အဖြစ် လက်စွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူက ဒီရာသီမှာလည်း လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၂၄ပွဲ ပါဝင် ကစားပေးထားရာ ပေးဂိုး ၂၁ဂိုးသာ ခွင့်ပြုထားရပါတယ်။

Photo Credit: CBS Sports

အယ်လီဆန်က ဘောလုံးပေးပို့ရာမှာ ထူးချွန်သလို ဂိုးပေါက် ကာကွယ်ရာမှာ သူမတူအောင် သေသပ်လွန်းတာကြောင့် လက်ရှိ ပရီးမီးယားလိဂ်ရဲ့ လက်စွမ်းအကောင်းဆုံး ဂိုးသမား အဖြစ် သတ်မှတ်ခံထားရပြီး သူ ဒဏ်ရာရသွားတာက ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်ချက်စတာ စီးတီး ၊ အာဆင်နယ် စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်နေရတဲ့ လီဗာပူးအတွက် ကြီးမားတဲ့ ထိုးနှက်ချက် တခု ဖြစ်လာနိုင်ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အယ်လီဆန်က တံကောက်ကြောဒဏ်ရာကြောင့် အချိန်အနည်းငယ် အနားယူရဖို့ ရှိနေပြီး လီဗာပူးဆေးအဖွဲ့က မနက်ဖြန်မှာ အယ်လီဆန်ရဲ့ ဒဏ်ရာအတိမ်အနက်ကို သေချာ စစ်ဆေးသွားမယ်လို့ သိရှိရပါတယ်။

Photo Credit: Goal

တံကောက်ကြောဒဏ်ရာကြောင့် အယ်လီဆန်ဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ဘရန့်ဖို့ဒ်နဲ့ လီဗာပူး ပွဲစဉ်ကို သေချာပေါက် လွဲချော်ဖို့ ရှိနေသလို မကြာခင်မှာ ကစားရတော့မယ့် ချယ်လ်ဆီးနဲ့ လီဗာပူးတို့ရဲ့ ကာရာဘောင်းဗိုလ်လုပွဲကို လွဲချော်နိုင်ပါသေးတယ်။

အယ်လီဆန် တယောက် ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ အိုင်ယာလန်ဂိုးသမား ကယ်လယ်ဟာက လီဗာပူးရဲ့ ဂိုးပေါက်ကို တာဝန်ယူ စောင့်ရှောက်သွားမှာပဲ ဖြစ်ပါတယ်။