အင်္ဂလန် အမျိုးသမီး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အမျိုးသမီးအသင်းက ၂၀၂၃-၂၀၂၄ အမျိုးသမီးလိဂ် ဘောလုံးရာသီကို ဖြတ်သန်းမယ့် တရားဝင် လူစာရင်းကို ထုတ်ပြန် ကြေညာခဲ့ပြီးနောက် တသင်းလုံးမှာ လူဖြူအမျိုးသမီးတွေချည်းပဲ ဖြစ်နေလို့ အကြီးအကျယ် ဝေဖန်ခံနေရကြောင်း သိရပါတယ်။

အာဆင်နယ်အမျိုးသမီးအသင်းက အင်္ဂလန်မှာ အစောဆုံး ပေါ်ထွက်လာတဲ့ အမျိုးသမီးအသင်းတွေထဲက တသင်း ဖြစ်သလို အင်္ဂလန် အမျိုးသမီးအသင်းတွေ အနက် အအောင်မြင်ဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ထားပါတယ်။

Photo Credit: Arsenal

အာဆင်နယ်အမျိုးသမီးအသင်းက အမျိုးသမီး ချန်ပီယံလိဂ်ဖလားကို ရရှိဖူးသလို လိဂ်ဖလား ၁၅ကြိမ် ၊ အက်ဖ်အေဖလား ၁၄ကြိမ် ၊ ရှုံးထွက်ဖလား ၆ကြိမ် ၊ နေရှင်နယ်လိဂ် ၁၀ကြိမ် ၊ ကွန်မြူနတီဒိုင်း ၅ကြိမ် စုစုပေါင်း ဆုဖလား ၅၁လုံး အထိ ရရှိ ဆွတ်ခူးထားပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်အမျိုးသမီးအသင်းကို အင်္ဂလန် အမျိုးသမီး ဘောလုံးလောကရဲ့ ပြယုဂ်အဖြစ် သတ်မှတ်ထားကာ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းမှာ အာဆင်နယ်အမျိုးသမီးအသင်းက သူတို့ရဲ့ ၂၀၂၃-၂၀၂၄ လူစာရင်းကို တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အာဆင်နယ်အမျိုးသမီးအသင်းရဲ့ လူစာရင်းမှာ စုစုပေါင်း ကစားသမား ၂၇ဦး ပါဝင်နေပြီး အင်္ဂလန် ကစားသမား ၆ဦး ၊ ဩစတေးလျ ကစားသမား ၃ဦး ၊ နယ်သာလန် ကစားသမား ၂ဦး ၊ ဆွီဒင် ကစားသမား ၃ဦး ၊ ဩစတီးယား ကစားသမား ၂ဦး ၊ ဆွစ်ဇာလန် ကစားသမား ၂ဦး ၊ စကော့တလန် ကစားသမား ၂ဦး ၊ ကနေဒါ ကစားသမား ၂ဦး ၊ နော်ဝေ ကစားသမား ၁ဦး ၊ အိုင်ယာလန် ကစားသမား ၁ဦး ၊ ဘရာဇီးလ် ကစားသမား ၁ဦး ၊ ဒိန်းမတ် ကစားသမား ၁ဦး ၊ စပိန် ကစားသမား ၁ဦးတို့ပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

အာဆင်နယ်အမျိုးသမီးအသင်းကို မတူညီတဲ့ နိုင်ငံ ၁၃နိုင်ငံရဲ့ ကစားသမားတွေနဲ့ စုဖွဲ့ထားပေမယ့် တိုက်ဆိုင်မှု တခုက အဆိုပါ ကစားသမား အားလုံးဟာ လူဖြူအမျိုးသမီး ကစားသမားတွေချည်း ဖြစ်နေပြီး အဆိုပါအချက်ကြောင့်ပဲ ဘောလုံးပရိသတ် တချို့က အာဆင်နယ်အမျိုးသမီးအသင်းဟာ လူမျိုးရေးခွဲခြားတဲ့ အသင်း ဖြစ်ကြောင်း စွပ်စွဲ ပြစ်တင် ဝေဖန်နေကြပါတယ်။

ပြင်းထန်တဲ့ ဝေဖန်မှုတွေကြောင့် အာဆင်နယ်အသင်းက သူတို့ရဲ့ အမျိုးသားအသင်းရော ၊ အမျိုးသမီးအသင်းရောဟာ မတူကွဲပြားတဲ့ လူမျိုးတွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ အသင်းတွေ ဖြစ်ကာ ကလပ်မှာရော ၊ သူတို့ရဲ့ ပတ်ဝန်းကျင်မှာပါ အသားအရောင် မတူညီတဲ့ ဝန်ထမ်းတွေ ၊ မိသားစုဝင်တွေ ၊ မိတ်ဆွေတွေ ရှိကြောင်းနဲ့ အသင်းအတွက် အကောင်းဆုံး ဖြစ်မယ့် ကစားသမားတွေကို အသားအရောင် မခွဲခြားပဲ ရွေးချယ် ခေါ်ယူထားတာ ဖြစ်ကြောင်း ဖြေရှင်းချက် ထုတ်ပြန်ထားပါတယ်။