ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ အယ်လီဆန် တယောက် ရထားတဲ့ တံကောက်ကြောဒဏ်ရာဟာ ပြင်းထန်တာကြောင့် အယ်လီဆန်က ရာသီကုန် အထိ အနားယူရနိုင်ချေ ရှိနေကြောင်း လီဗာပူးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြလာကြပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ဂိုးသမား အယ်လီဆန်က ၂၀၁၈ခုနှစ်မှာ ရိုးမား ကနေ လီဗာပူးထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် လက်စွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ကာ သူဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမား အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

Photo Credit: Mirror

အယ်လီဆန်က ဒီရာသီမှာလည်း လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၂၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၁ဂိုးသာ ခွင့်ပြုပေးထားရသလို ပေးဂိုးမရှိတဲ့ပွဲ ၉ပွဲ အထိ ပိုင်ဆိုင်ထားပါတယ်။

အယ်လီဆန်က ပါဝင်ကစားတဲ့ ပွဲတိုင်းမှာ တည်ငြိမ်တဲ့ လက်စွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် သူက ဖေဖော်ဝါရီလ ပထမပတ် အတွင်းမှာပဲ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်နေရင်း တံကောက်ကြောဒဏ်ရာ တခု ရရှိထားပြီး အဆိုပါဒဏ်ရာကြောင့် ၄ပတ် ဝန်းကျင် အနားယူထားပေမယ့် သူ့ရဲ့ ဒဏ်ရာက အခုချိန်အထိ မသက်သာသေးပါဘူး။

Photo Credit: Sky Sports

လီဗာပူးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ပေါလ် ဂျိုက်စ်ရဲ့ ဖော်ပြချက်အရ အယ်လီဆန်ရဲ့ ဒဏ်ရာဟာ ပြင်းထန်တဲ့ ဒဏ်ရာ တခု ဖြစ်နေပြီး အဆိုပါဒဏ်ရာကြောင့် အယ်လီဆန်ဟာ ရာသီကုန် အထိ အနားယူရဖွယ် ရှိနေကာ လီဗာပူးရဲ့ ဆေးအဖွဲ့က အယ်လီဆန်ကို အကောင်းဆုံး ဆေးကုသပေးနေကြောင်း သိရှိရပါတယ်။

လီဗာပူးနည်းပြချုပ် ကလော့ပ်ကတော့ အယ်လီဆန်ရဲ့ ဒဏ်ရာဟာ ပြင်းထန်ပေမယ့် အယ်လီဆန်က ရာသီမကုန်ခင်မှာ သူတို့အသင်း အတွက် ပြန်ကစားပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း ဆိုထားပါတယ်။ ကလော့ပ်က – “အယ်လီဆန်က ပြင်းထန်တဲ့ တံကောက်ကြောဒဏ်ရာကို ရရှိထားတာပါ။ သူ့ရဲ့ ဒဏ်ရာက အချိန်တိုလေး အတွင်းမှာ ပြန်သက်သာနိုင်တဲ့ ဒဏ်ရာမျိုး မဟုတ်ပါဘူး။ သူက ဘယ်အချိန်မှာ ပြန်ကောင်းလာမလဲ ဆိုတာကို အတိအကျ ခန့်မှန်းလို့လည်း မရသေးပါဘူး။ သူ့ရဲ့ ဒဏ်ရာက ကြွက်သားဒဏ်ရာ ဖြစ်နိုင်ပါတယ်။ သူက ပြင်းထန်တဲ့ ဒဏ်ရာကို ရထားပေမယ့် ရာသီကုန် အထိ အနားမယူရလောက်ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။