ကာတာနိုင်ငံရဲ့ စော်ဘွားခေါင်းဆောင် အယ် သနီက သူ ငယ်ငယ်ကတည်းက အားပေးလာခဲ့တဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းပိုင်ရှင်သစ် ဖြစ်လာတော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ နာမည်ကြီး ကာတာသတင်းထောက်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင် မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက် အတွက် ပိုင်ရှင်သစ် ရှာဖွေနေကြောင်းကို ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ကုန်ခါနီးမှာ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီး ဂလေဇာမိသားစုရဲ့ အဆိုပါ ကြေညာမှု အပြီးမှာပဲ ကမ္ဘာတလွှားမှာ ရှိတဲ့ ဘီလီယံနာ သန်းကြွယ်သူဌေး အများစုက မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ စတင် ကြိုးစားလာကြပါတယ်။

Photo Credit: Metro

လက်ရှိမှာတော့ ကာတာစော်ဘွားခေါင်းဆောင် အယ် သနီရဲ့ မိသားစု အပါအဝင် ကမ္ဘာတလွှားမှာ ရှိတဲ့ သန်းကြွယ်သူဌေး မိသားစုတွေက မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ သူတို့ရဲ့ အဆက်အသွယ်တွေ ကနေ တဆင့် ဂလေဇာမိသားစုထံ ကမ်းလှမ်းမှုတွေ ပေးပို့ခဲ့ကြကာ ဂလေဇာမိသားစုက ပြီးခဲ့တဲ့ သောကြာနေ့ကို နောက်ဆုံးထားကာ မန်ချက်စတာ ယူနိုက်တက် အတွက် ကမ်းလှမ်းမှုတွေကို လက်ခံခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ အယ် သနီရဲ့ မိသားစုက မန်ချက်စတာ ယူနိုက်တက် အတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ပေါင် ၅ဘီလီယံ ဝန်းကျင်နဲ့ စတင် ကမ်းလှမ်းခဲ့ပြီး သူတို့ရဲ့ ကမ်းလှမ်းမှုက ဗြိတိန် သန်းကြွယ်သူဌေး ရက်ကလစ်ဖ်ရဲ့ ကမ်းလှမ်းမှုထက် ပေါင် ၁ဘီလီယံကျော် ပိုများနေတာကြောင့် အယ် သနီရဲ့ မိသားစုကပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင်သစ် ဖြစ်လာဖို့ ရာခိုင်နှုန်း များနေကြောင်း သိရပါတယ်။

Photo Credit: Metro

နာမည်ကြီး ကာတာ​စော်ဘွား သတင်းထောက် တဦး ဖြစ်သူ မာဂျီဒယ် ခါလိုင်ဖီကလည်း မန်ချက်စတာ ယူနိုက်တက်ဟာ ကာတာနိုင်ငံနဲ့ ဆက်နွယ်တဲ့ ကလပ်တခု ဖြစ်သွားပြီလို့ ယနေ့မနက် အစောပိုင်းမှာပဲ သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ တင်ကာ အယ် သနီက မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူနိုင်တော့မယ့် အကြောင်း ထပ်ဆင့် အတည်ပြုပေးထားပါတယ်။

ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက် အတွက် ပေါင် ၆ဘီလီယံ ဝန်းကျင် လိုချင်နေတာကြောင့် ဂလေဇာမိသားစုနဲ့ အယ် သနီရဲ့ မိသားစုတို့ ကြားထဲမှာ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူရေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ရဖို့ ရှိနေပေမယ့် တခြား သန်းကြွယ်သူဌေးတွေက မန်ချက်စတာ ယူနိုက်တက်ကို ပေါင် ၄.၅ဘီလီယံထက် ပိုမပေးချင်တာကြောင့် အယ် သနီက မန်ချက်စတာ ယူနိုက်တက်ကို ပေါင် ၅.၅ ဘီလီယံ ဝန်းကျင်နဲ့ ဝယ်ယူနိုင်ဖို့ အခွင့်အလမ်း များပြားနေပါတယ်။