ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ ကာတာ စော်ဘွား တဦး ဖြစ်သူ အယ် သနီက မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူနိုင်ဖို့ အတွက် ယူနိုက်တက်ပိုင်ရှင် ဖြစ်တဲ့ ဂလေဇာမိသားစုရဲ့ တောင်းဆိုချက် ဖြစ်တဲ့ ပေါင် ၆ ဘီလီယံကို ပေးချေရန် ပြင်ဆင်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင်မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုက ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ကုန်ခါနီးမှာ သူတို့ ပိုင်ဆိုင်တဲ့ မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချတော့မယ်လို့ တရားဝင် ကြေညာခဲ့ပြီး ဂလေဇာမိသားစုရဲ့ ကြေညာချက် အပြီးမှာ ကာတာစော်ဘွား အယ် သနီ ၊ ဗြိတိန်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ရက်ကလစ်ဖ်တို့က မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူနိုင်ဖို့ ကမ်းလှမ်းမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

Photo Credit: Sky Sports

အယ် သနီနဲ့ ရက်ကလစ်ဖ်တို့က မန်ချက်စတာ ယူနိုက်တက် အတွက် ပထမဦးဆုံးအကြိမ် ကမ်းလှမ်းမှုတွေ အဖြစ် ပေါင် ၄.၅ ဘီလီယံနဲ့ ပေါင် ၅ဘီလီယံကြား ကမ်းလှမ်းမှုတွေကို အသီးသီး ပြုလုပ်ခဲ့ကြပြီး ဂလေဇာမိသားစုက သူတို့ရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အယ် သနီနဲ့ ရက်ကလစ်ဖ်တို့ကို အိုးထရက်ဖို့ဒ်ဆီ ခေါ်ကာ သူတို့ရဲ့ အတွေးအခေါ်တွေ ၊ အနာဂတ် စီမံကိန်းတွေ အကြောင်းကို နားထောင်ခဲ့ပါတယ်။

လက်ရှိမှာတော့ အယ် သနီနဲ့ ရက်ကလစ်ဖ်တို့က မန်ချက်စတာ ယူနိုက်တက် အတွက် သူတို့ရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှုတွေကို ဂလေဇာမိသားစုထံ ပေးပို့ရတော့မှာ ဖြစ်ပြီး ကာတာစော်ဘွား ဖြစ်တဲ့ အယ် သနီက မန်ချက်စတာ ယူနိုက်တက် အတွက် ငွေပုံပေးဖို့ ဆုံးဖြတ်ထားကြောင်း နီးစပ်သူတွေက ဆိုကြပါတယ်။

Photo Credit: Sky Sports

Sky Sports သတင်းဌာနရဲ့ ပင်တိုင် သတင်းထောက် ဆိုလ်ဟယ်ကိုရဲ့ ဖော်ပြချက်အရ အယ် သနီက ဂလေဇာမိသားစုနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်အပြီးမှာ မန်ချက်စတာ ယူနိုက်တက်ကို ငွေကြေး ပုံပေးကာ ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး အယ် သနီက မန်ချက်စတာ ယူနိုက်တက် အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု အဖြစ် ပေါင် ၆ဘီလီယံနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။