ဆော်ဒီ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ အယ် နက်ဆာက ယမန်နေ့ညမှာ သူတို့အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ရူအီ ဂါစီယာနဲ့ နှစ်ဖက်သဘောတူ လမ်းခွဲခဲ့ပြီးနောက် နည်းပြသစ် ရှာပုံတော် ဖွင့်နေရာမှာ နည်းပြသစ် ရွေးချယ်ရေးအဖွဲ့ထဲကို အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကိုပါ ထည့်သွင်းခဲ့ကြောင်း နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဆော်ဒီထိပ်သီးကလပ် အယ် နက်ဆာက ပေါ်တူဂီ အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းမှာ ကမ္ဘာ့စံချိန်တင် လုပ်ခလစာနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ခရစ္စတီယာနို ရိုနယ်ဒိုက အယ် နက်ဆာမှာ တနှစ် လုပ်ခလစာ ယူရို ၂၀၀သန်း အထိ ရရှိနေပါတယ်။

Photo Credit: Sky News

ခရစ္စတီယာနို ရိုနယ်ဒိုက အယ် နက်ဆာထံ ပြောင်းရွှေ့ခဲ့ပြီးနောက် သူ့ရဲ့ များပြားလှတဲ့ အတွေ့အကြုံတွေနဲ့ အသင်းကို ခေါင်းဆောင်နိုင်စွမ်းတို့ကြောင့် ချက်ချင်းပဲ အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ခံခဲ့ရသလို ရိုနယ်ဒိုက သူ့ရဲ့ သွင်းဂိုးတွေနဲ့ အယ် နက်ဆာကို ရလဒ်ကောင်းတွေ ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ရိုနယ်ဒိုက ယခုနှစ် ဘောလုံးရာသီမှာ အယ် နက်ဆာ အတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲ ပါဝင် ကစားပေးထားရာ ၁၁ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ရိုနယ်ဒိုက အယ် နက်ဆာရဲ့ နည်းပြဟောင်း ရူအီ ဂါစီယာနဲ့ ဆက်ဆံရေး အဆင်မပြေခဲ့ပဲ ရိုနယ်ဒိုလို ကြယ်ပွင့် ကစားသမားကို မထိန်းကျောင်းနိုင်ခဲ့တာကြောင့် အယ် နက်ဆာရဲ့ ဘုတ်အဖွဲ့က ဂါစီယာကို ရာထူးကနေ ဖယ်ရှားခဲ့တာလို့လည်း သတင်းတွေ ထွက်နေခဲ့ပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ CBS သတင်းဌာနရဲ့ ဖော်ပြချက်အရ အယ် နက်ဆာက ရူအီ ဂါစီယာနဲ့ လမ်းခွဲပြီးနောက် နည်းပြသစ် တဦးကို အလျင်အမြန် ရှာဖွေနေပြီး အယ် နက်ဆာရဲ့ ဘုတ်အဖွဲ့ဟာ နည်းပြသစ် ရှာဖွေရေးအဖွဲ့ထဲမှာ ရိုနယ်ဒိုကိုပါ ထည့်သွင်းခဲ့ကာ ရိုနယ်ဒိုရဲ့ နည်းပြဟောင်းတွေ ဖြစ်တဲ့ မော်ရင်ဟိုနဲ့ ဇီဒန်းတို့ကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေကြောင်း သိရပါတယ်။

လက်ရှိမှာတော့ အယ် နက်ဆာရဲ့ တာဝန်ရှိသူတွေက မော်ရင်ဟိုနဲ့ ဇီဒန်းတို့ရဲ့ ကိုယ်စားလှယ်တွေဆီ ဆက်သွယ်မှုတွေ ပြုလုပ်ထားပြီး ဇီဒန်းဘက်က အကြောင်းမပြန်သေးပေမယ့် မော်ရင်ဟိုကတော့ ယခုနှစ် ဥရောပ ဘောလုံးရာသီ ကုန်ဆုံးချိန် အထိ စောင့်ဆိုင်းပေးမယ် ဆိုရင် အယ် နက်ဆာရဲ့ နည်းပြချုပ်ရာထူးကို ရယူနိုင်ကြောင်း သတင်းတွေ ထွက်နေပါတယ်။