မန်ချက်စတာ စီးတီးအသင်းရဲ့ နောက်ခံလူ လာပေါ့တ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ ဆော်ဒီကလပ် အယ်လ် နာဆာအသင်းလည်း ပါဝင်လာခဲ့တယ်လို့ သိရှိရပါတယ်။

မန်စီးတီးက လိုက်ပ်ဇစ်အသင်းရဲ့ နောက်ခံလူ ဂဗာဒီယော်လ်ကို မခေါ်ယူစဉ်ကတည်းက လာပေါ့တ်ကို ရောင်းထုတ်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပြီး အခု ဂဗာဒီယော်လ်လည်း အသင်းဆီ ရောက်နေပြီ ဖြစ်လို့ ဈေးကွက် မပိတ်ခင်မှာပဲ လာပေါ့တ်ကို ရောင်းချဖွယ် ရှိနေပါတယ်။

Photo Credit : Sports Illustrated

စပိန် လက်ရွေးစင် ခံစစ်မှူး လာပေါ့တ်ကိုတော့ လက်ရှိမှာ အာဆင်နယ် စပါး တို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားကြနေပြီး အယ်လ် နာဆာကလည်း ဒီအသင်းတွေနဲ့အပြိုင် ဘီလ်ဘာအို ကစားသမားဟောင်းကို စိတ်ဝင်စားလာခဲ့ပါတယ်။

အသက် (၂၉)နှစ်အရွယ် ခံစစ်မှူး လာပေါ့တ်ဟာ ၂၀၁၈ခုနှစ်ကတည်းက ဘီလ်ဘာအိုကနေ မန်စီးတီးအသင်းဆီ စာချုပ်ဖျက်သိမ်းကြေး ပေါင်(၅၇)သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့်လည်း လက်ရှိမှာ ရူဘင် ဒီယက်စ် အပြင် ဂဗာဒီယော်လ်ပါ ရောက်နေပြီဖြစ်လို့ နေရာပျောက်ဖို့က သေချာနေတဲ့အတွက် စီးတီးနဲ့ လမ်းခွဲချင်လာခဲ့ပါတယ်။

Photo Credit : Football Espana

ဒီလို အခြေအနေမျိုး ရှိနေတဲ့ လာပေါ့တ်ကို ကစားသမားကောင်းတွေ ခေါ်ယူထားတဲ့ ဆော်ဒီ ထိပ်သီးကလပ် အယ်လ် နာဆာက ခေါ်ယူသွားဖို့ ဆန္ဒရှိလာခဲ့ပြီး ကမ်းလှမ်းမှုတွေကိုလည်း မကြာခင်မှာပဲ စတင် လုပ်ဆောင်ဖို့ ရှိနေပါတယ်။

အယ်လ် နာဆာက ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူအပြီးမှာပဲ ဘောလုံး ပရိသတ်တွေ သတိထားလာမိတဲ့ ကလပ်အသင်း ဖြစ်ပြီး အခုနွေမှာလည်း ဆာဒီယို မာနေး ၊ မာဆယ်လို ဘရိုဇိုဗစ် ၊ အဲလက်စ် တဲလက်စ် ၊ ဖိုဖာနာတို့ကို ခေါ်ယူထားကာ အသင်းကို အကောင်းဆုံး ပုံစံရအောင် တည်ဆောက်ထားခဲ့ပါတယ်။