ဆော်ဒီစူပါလိဂ်ရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အယ် အီတီဟတ်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး အန်တိုနီ မာရှယ်ကို ခေါ်ယူဖို့ အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်း ဆော်ဒီအခြေစိုက် သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၂၇နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အန်တိုနီ မာရှယ်က ဘောလုံးအရည်အသွေး ပြည့်ဝတဲ့ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် သူဟာ မကြာခဏ ဆိုသလို ဒဏ်ရာတွေ ရတတ်သလို သူ့ရဲ့ စိတ်မပါ လက်မပါ ကစားဟန်ကြောင့် ဝေဖန်မှုတွေ ခံနေရသူပါ။

Photo Credit: Goal

မာရှယ်က မိုနာကို ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းကောင်း တချို့ ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ မကြာခဏ ဒဏ်ရာတွေ ရလေ့ ရှိသလို သူ့ရဲ့ ခြေစွမ်းတည်ငြိမ်မှု အားနည်းချက်ကြောင့် မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်က မာရှယ်ကို ရောင်းချဖို့ မဆုံးဖြတ်ရသေးပေမယ့် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ်သာ ရောက်လာမယ် ဆိုရင် မာရှယ်ကို လက်လွှတ်ဖို့ စဉ်းစားထားပြီး မာရှယ်ကလည်း ပုံမှန် ကစားခွင့်သာ မရတော့ရင် အသင်းပြောင်းဖို့ စိတ်ကူးရှိနေပါတယ်။

Photo Credit: Goal

နာမည်ကြီး ဆော်ဒီသတင်းဌာန တခု ဖြစ်တဲ့ Saudi 50ရဲ့ ဖော်ပြချက်အရ ဆော်ဒီနာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အယ် အီတီဟတ်က ယူနိုက်တက်နဲ့ လမ်းခွဲဖို့ နီးစပ်နေတဲ့ မာရှယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အီတီဟတ်ရဲ့ တာဝန်ရှိသူ တချို့က မာရှယ်ရဲ့ အေးဂျင့်ထံ ဆက်သွယ်ထားသလို မာရှယ်ကို တပတ် လုပ်ခလစာ ပေါင် ၄သိန်းနဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

အယ် အီတီဟတ်က မာရှယ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိပြီးမှ မန်ချက်စတာ ယူနိုက်တက်နဲ့ ပြောင်းရွှေ့ကြေး အတွက် ဆွေးနွေးဖို့ ဆုံးဖြတ်ထားပေမယ့် မာရှယ်ကတော့ ဆော်ဒီမြေဆီ ပြောင်းရွှေ့ ကစားဖို့ထက် ဥရောပမြေမှာသာ ဆက်လက် ကစားဖို့ ပိုမို စိတ်ဝင်စားနေကြောင်း နီးစပ်သူတွေက ဆိုကြပါတယ်။