ဆော်ဒီ ပရိုလိဂ် ကလပ် အယ်လ် ဟီလာအသင်းကတော့ ဒီနွေမှာ ကစားသမား ဖြည့်တင်းမှုတွေ အတော်လေး ရှယ်ကြမ်းနေရပြီး အခုလည်း နေမာကို ခေါ်ယူပြီးချိန်မှာ ဆီဗီလာရဲ့ မော်ရိုကို ဂိုးသမား ဘိုနိုကိုလည်း ထပ်မံ ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။

ဈေးကွက်အတွင်း နေးဗက်စ် ၊ ကူလီဘလီ ၊ မီလင်ကိုဗစ် ဆာဗစ် ၊ မယ်လ်ကွန် နဲ့ နေမာတို့ကို ခေါ်ယူ ဖြည့်တင်းထားနိုင်ခဲ့တဲ့ အယ်လ် ဟီလာအသင်းဟာ အခုလည်း ဂိုးသမားပိုင်းအတွက် မော်ရိုကို လက်ရွေးစင် ဂိုးသမား ဘိုနိုကို ဘိုင်ယန်မြူးနစ်နဲ့အပြိုင် ခေါ်ယူခဲ့နိုင်ပြန်ပါတယ်။

Photo Credit : Twitter

ဘရာဇီးလ် စူပါစတား ဘောလုံးသမား နေမာကိုပါ ခေါ်ယူပြီး အသင်းအတွက် mega signing ကြီးတစ်ခုကို လုပ်ဆောင်ထားနိုင်ခဲ့တဲ့ အယ်လ် ဟီလာအသင်းဟာ အခုလည်း ဂိုးသမား ဘိုနိုကိုပါ ပြောင်းရွှေ့ကြေး ယူရို (၁၈)-(၁၉)သန်း ဝန်းကျင်လောက်နဲ့ ထပ်မံ ခေါ်ယူလိုက်နိုင်တာ ဖြစ်ပါတယ်။

အာရပ် ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ အယ်လ် နာဆာကို အရေးနိမ့်ပြီး ဒုတိယနေရာနဲ့ပဲ ကျေနပ်လိုက်ရတဲ့ အယ်လ် ဟီလာအသင်းက ဒီပြိုင်ပွဲ ပြီးဆုံးပြီး ရက်ပိုင်းအတွင်းမှာပဲ နေမာကို ခေါ်ယူပြလိုက်သလို အခုလည်း ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ လက်စွမ်းပြသခဲ့သူ ဘိုနိုကိုပါ ခေါ်ယူနိုင်လိုက်ပြီ ဖြစ်ပါတယ်။

Photo Credit : Twitter

ဒီလို ဥရောပ ဘောလုံးနယ်ပယ်မှာ ကျင်လည်နေသော ကစားသမားကောင်းတွေကို ဆက်တိုက် ခေါ်ယူနေတဲ့ အယ်လ် ဟီလာက ဘိုနိုကို ခေါ်ယူအပြီးမှာ တိုက်စစ်ပိုင်းအတွက် ဖူလ်ဟမ်က ဆာဘီးယား တိုက်စစ်မှူး မီထရိုဗစ်ကိုလည်း ထပ်မံ ကြိုးပမ်းဖွယ် ရှိနိုင်ပါတယ်။

အယ်လ် ဟီလာက ဆော်ဒီ ပရိုလိဂ်ရဲ့ ရာသီသစ်မှာ မယ်လ်ကွန် ဟက်ထရစ်နဲ့ နိုင်ပွဲ စတင် ရရှိထားပြီး မနှစ်က ဘောလုံးရာသီထဲ အဆင့် (၃)နေရာနဲ့သာ ရပ်တည်ထားခဲ့ရချိန် ဒီရာသီမှာတော့ အမှတ်ပေး ချန်ပီယံ ဆုဖလားကိုပါ ဆွတ်ခူးနိုင်ဖို့ ဦးစားပေး စွမ်းဆောင်သွားဖွယ် ရှိနေပါတယ်။