ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ အဂူရိုကတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၀) အပြီးမှာ အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ရထားပေမယ့် သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ စီးတီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က လိဂ်ချန်ပီယံ ဖြစ်နိုင်သေးကြောင်း သုံးသပ်သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၂၀) ကစားပြီးချိန်မှာ အာဆင်နယ်က တပွဲလျော့ အနေအထားနဲ့ ဒုတိယနေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးကို ရမှတ် ၅မှတ် ၊ တတိယနဲ့ စတုတ္ထနေရာတွေမှာ ရှိနေတဲ့ နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ကို ရမှတ် ၁၁မှတ်စီ အသီးသီး ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူ အများစုက ယခုနှစ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့ နှစ်သင်းထဲကသာ လုရတော့မှာ ဖြစ်သလို အာဆင်နယ်ဟာ လက်ရှိခြေစွမ်းကို ထိန်းရင်း မန်ချက်စတာ စီးတီးကို နောက်ကောက်ချကာ ချန်ပီယံ ဖြစ်ဖို့ ရာခိုင်နှုန်း များပြားနေကြောင်း သုံးသပ်ထားကြပါတယ်။

ဒါပေမယ့် မန်ချက်စတာ စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၅ကြိမ် အထိ ရယူနိုင်ခဲ့တဲ့ အဂူရိုကတော့ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲဟာ မပြီးသေးဘူးလို့ ယုံကြည်နေသလို မန်ချက်စတာ စီးတီး အပြင် မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ကပါ ချန်ပီယံဆုကို ရယူနိုင်ချေ ရှိနေသေးကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Team Talk

အဂူရိုက – “အခု အခြေအနေအရ ဆိုရင် အာဆင်နယ် ၊ စီးတီးနဲ့ ယူနိုက်တက်တို့ထဲက တသင်းကပဲ ချန်ပီယံဆုကို ရဖို့ များနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က နယူးကာဆယ်ကိုလည်း လျှော့တွက်လို့ မရပါဘူး။ သူတို့က ပထမရာသီဝက်မှာ အရမ်းကို ကောင်းအောင် ကစားပြထားနိုင်ပါတယ်။ ကျွန်တော်က မန်စီးတီးဟာ ချန်ပီယံ ဖြစ်လိမ့်မယ်လို့ တထစ်ချ မပြောချင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲက အရမ်းကို ပြိုင်ဆိုင်မှု ပြင်းထန်တယ်လေ။ ပြီးတော့ အသင်းကြီးတွေက သူတို့ရဲ့ အခြေအနေ မဟန်တော့တာနဲ့ ကစားသမားသစ်တွေ ခေါ်ယူပြီးတော့ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်တတ်တဲ့ နေရာတခုပါ။ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ဆိုရင် နှစ်အတော်ကြာ အဆင်မပြေခဲ့ပေမယ့် အခုတော့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာကြပါပြီ။ သူတို့က အာစင်ဝင်းဂါးနဲ့ အဲလက်စ် ဖာဂူဆန်တို့ ခေတ်တုန်းကလို အရှိန်အဟုန်တွေ ပြန်ရနေပါပြီ။ စီးတီးကတော့ နောက်ဆုံး ၅နှစ်မှာ ၄ကြိမ် အထိ ဗိုလ်စွဲထားပါတယ်။ ဒီတော့ သူတို့က ကျိန်းသေပေါက် ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ဦးမှာပါ။ စီးတီးက ဒုတိယနေရာ ရောက်နေပေမယ့် ချန်ပီယံဆုအတွက် အဆင်သင့် ဖြစ်နေဆဲပါပဲ။ ဒီတော့ အရာအားလုံးက ဖြစ်နိုင်ချေ ရှိနေပါသေးတယ်” လို့ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ပတ်သတ်ပြီး သုံးသပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။