ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက သူ့ရဲ့ အသင်းဖော်ဟောင်း ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒို ရှိနေတဲ့ ဆော်ဒီထိပ်သီးကလပ် အယ် နက်ဆာဆီ ပြောင်းဖို့ ဆွေးနွေးမှု တချို့ လုပ်ထားကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂါလက်တီက ဖော်ပြလာပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား ၅ဦး စာရင်းထဲမှာ ပါဝင်သူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ရာသီမှာ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက်က ကတ်စ်မဲရိုးကို ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းကျော်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ကတ်စ်မဲရိုးက သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံး ရာသီမှာတင် အဲရစ်ဆင် ၊ ဘရူနို ဖာနန်ဒက်စ်တို့နဲ့ တွဲဖက်ကာ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။

ကတ်စ်မဲရိုးက သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံး ရာသီမှာ ကာရာဘောင်းဖလားကို ကိုင်မြှောက်နိုင်ခဲ့သလို အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ငွေတံဆိပ်ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာပြဿနာတွေကြောင့် ကြံ့ခိုင်မှု ပြည့်ဝဖို့ ရုန်းကန်နေရသလို ခြေစွမ်းလည်း ကျဆင်းနေပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေရာသီမှာ ကတ်စ်မဲရိုးကို ဆော်ဒီကလပ်တွေဆီ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ရောင်းချဖို့ စိတ်ကူးနေသလို ကတ်စ်မဲရိုးကလည်း ဥရောပမြေမှာ အောင်မြင်မှု များစွာ ရယူနိုင်ခဲ့ပြီ ဖြစ်တာကြောင့် အာရှတိုက်ဆီ ခြေဆန့်ကာ ငွေထုပ်ပိုက်ဖို့ စဉ်းစားနေပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဂါလက်တီရဲ့ ဖော်ပြချက်အရ ကတ်စ်မဲရိုးရဲ့ အေးဂျင့်ဖြစ်သူက ရိုနယ်ဒို ကစားနေတဲ့ အယ် နက်ဆာဆီ ဆက်သွယ်ကာ သူ့ရဲ့ ကစားသမားကို ခေါ်ယူချင်လားလို့ မေးမြန်းထားပြီး အယ် နက်ဆာကလည်း ကတ်စ်မဲရိုးလို ကမ္ဘာ့အဆင့် ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားတာကြောင့် ကတ်စ်မဲရိုးရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ လုပ်နေကြောင်း သိရပါတယ်။