ပရီးမီးယားလိဂ်ကလပ် အက်စ်တွန်ဗီလာရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အဘွန်လဟောကတော့ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေတဲ့ ချယ်လ်ဆီးဟာ နည်းပြသစ် ဂရေဟမ် ပေါ်တာကို ရာထူးကနေ ထုတ်ပယ်သင့်ပြီလို့ အကြံပေး တိုက်တွန်းသွားခဲ့ပါတယ်။

၂၀၂၂ခုနှစ် အတွင်းမှာ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ထားတဲ့ ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီမှာ အသင်းပိုင်ရှင် တော့ပ် ဘိုလေရဲ့ ဦးဆောင်မှုနဲ့အတူ ပေါင် ၇၀၀သန်းကျော် အထိ သုံးစွဲကာ အသင်းအတွက် ကစားသမားသစ်တွေကို ဝယ်ယူခဲ့သလို ပေါင် ၅၀သန်း နီးပါး သုံးစွဲကာ နည်းပြဟောင်း တူဟယ်လ်နဲ့အဖွဲ့ကို ရာထူးကနေ ထုတ်ပယ်ပြီး နည်းပြသစ် ဂရေဟမ် ပေါ်တာနဲ့ သူ့ရဲ့အဖွဲ့ကို ခေါ်ယူခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် ဂရေဟမ် ပေါ်တာရဲ့ လက်အောက်မှာ ချယ်လ်ဆီးရဲ့ ရလဒ်ပိုင်းနဲ့ ကစားဟန်တို့က သိသိသာသာ ထိုးဆင်းသွားခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၅ပွဲမှာ ၂ပွဲသာ အနိုင်ရခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ပွဲစဉ်(၂၄) အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၀)နေရာ အထိ ရောက်ရှိနေပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ အမာခံ ပရိသတ် တချို့က ဂရေဟမ် ပေါ်တာကို ရာထူးကနေ နုတ်ထွက်ဖို့ စတင် တောင်းဆိုလာကြပြီး Talksportsရဲ့ ပင်တိုင် အစီအစဉ် တင်ဆက်သူ အဖြစ် လုပ်ကိုင်နေတဲ့ အဘွန်လဟောကလည်း ချယ်လ်ဆီးဟာ နည်းပြမရှိတဲ့ ဆောက်သမ်တန်ကို ရှုံးခဲ့တာတောင် ကိုယ့်ရဲ့ အပြစ်ကို မမြင်ပဲ ဆင်ခြေတွေ ပေးနေသေးတဲ့ ပေါ်တာကို ရာထူးကနေ ထုတ်ပယ်သင့်ပြီလို့ ပြောကြားလာပါတယ်။

Photo Credit: Sky Sports

အဘွန်လဟောက – “ဂရေဟမ် ပေါ်တာက ဆောက်သမ်တန်နဲ့ ပွဲပြီး အင်တာဗျူး စကားတွေမှာ ပြောခဲ့တဲ့ စကားတွေကြောင့် ချက်ချင်းပဲ ရာထူးကနေ အထုတ်ခံရသင့်ပါတယ်။ ပေါ်တာရေ မင်းက ဘာတွေပြောနေတာလဲ။ မင်းက ဆောက်သမ်တန်လို နည်းပြမရှိ ၊ ၂ပွဲဆက် နိုင်ပွဲတောင် မရထားသေးတဲ့ အသင်းနဲ့ ကစားခဲ့ရတာနော်။ ဒါကိုတောင် မင်းက ချန်ပီယံလိဂ်ပြိုင်ပွဲကြောင့် မူဒရစ်ခ်ကို အနားပေးခဲ့ရပြီး ဂျာအိုဖီးလစ်ကို ပွဲထွက် ကစားခိုင်းခဲ့ရလို့ ရှုံးခဲ့ရတာလို့ ဆင်ခြေပေးနေသေးတာလား။ မင်းက ငါတို့ကို လာနောက်နေတာလား။ တကယ်ကို ညံ့လွန်းတဲ့ နည်းပြပဲ” လို့ ဂရေဟမ် ပေါ်တာကို ထုတ်ပယ်ဖို့ ချယ်လ်ဆီးအား အကြံပေး တိုက်တွန်းသွားခဲ့တာပါ။