အေစီမီလန်အသင်းဟာ လာမယ့် ဘောလုံးရာသီအတွက် နည်းပြ အပြောင်းအလဲ လုပ်ဆောင်သွားဖို့ ရှိနေရာ လတ်တလောမှာတော့ ချယ်လ်ဆီးနည်းပြဟောင်း အန်တိုနီယို ကွန်တီနဲ့ သတင်းထွက်နေတဲ့အပြင် နောက်ထပ် ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ် ပေါ်တာနဲ့ပါ သတင်းတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

talkSPORT သတင်းမီဒီယာရဲ့ ဖော်ပြချက်တွေအရ မီလန်အသင်းက လက်ရှိ အသင်းနည်းပြ စတီဖာနို ပီအိုလီနေရာမှာ ချယ်လ်ဆီး နဲ့ ဘရိုက်တန်အသင်းတို့ရဲ့ နည်းပြဟောင်း ပေါ်တာနဲ့ အစားထိုးသွားဖို့ အစီအစဉ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : talkSPORT

အီတလီ စီးရီးအေကလပ်အသင်းဖြစ်တဲ့ မီလန်က ဂျုဗင်တပ်စ် အင်တာမီလန်တို့နဲ့ စီးရီးအေမှာ ကျင်လည်ခဲ့ဖူးတဲ့ နည်းပြကွန်တီကို လာမယ့်ရာသီမှာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရထားတယ်လို့ သတင်းထွက်ခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိကတော့ နည်းပြတစ်ဦးကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မီလန်ဟာ ကွန်တီအပြင် ဂရေဟမ် ပေါ်တာကိုပါ အံ့အားသင့်ဖွယ် စိတ်ဝင်စားလျက် ရှိနေပြီး ချယ်လ်ဆီးနည်းပြဟောင်း ပေါ်တာကလည်း သိပ်မကြာသေးခင်ကမှ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့လည်း အသံတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

Photo Credit : The Sun

အင်္ဂလန်လူမျိုး နည်းပြ ပေါ်တာဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဧပြီလကတည်းက ချယ်လ်ဆီးအသင်းကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ခုထိ အသင်းလက်မဲ့ ဖြစ်နေရသလို ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းမှုတွေကိုလည်း ငြင်းပယ်ထားကာ အသင်းလက်မဲ့အဖြစ်နဲ့သာ ဆက်ရှိနေရပါတယ်။

ဒါပေမယ့် လက်ရှိမှာ မီလန်အသင်းလို ဥရောပထိပ်တန်း ကလပ်အသင်းကြီး တစ်သင်းရဲ့ စိတ်ဝင်စားမှုကို ရရှိနေရတာဖြစ်လို့ ပေါ်တာအနေနဲ့ နည်းပြအလုပ်ကို ပြန်လည် လုပ်ကိုင်ဖို့ အစီအစဉ် ရှိနေပြီး လာမယ့်ရာသီမှာ ပေါ်တာကို ဘယ်အသင်းနည်းပြအဖြစ် ပြန်လည် မြင်တွေ့ရမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။