အီတလီ စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်အသင်းဟာ ယူရို ချန်ပီယံ စပိန် တိုက်စစ်ကစားသမား အဲလ်ဗာရို မိုရာတာကို ဒီနွေမှာ ခေါ်ယူသွားဖို့အတွက် ကစားသမားနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိသွားခဲ့တယ်လို့ ဖေဘရီဇီယို ရိုမာနိုက သတင်းထုတ်ပြန်လာခဲ့ပါတယ်။

မီလန်အသင်းဟာ အသင်းရဲ့ ဝါရင့် တိုက်စစ်မှူးကြီးဖြစ်တဲ့ အိုလီဗီယာ ဂျရူးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်ရချိန်မှာ တိုက်စစ်ပိုင်းနေရာအတွက် ကစားသမားတစ်ဦးနဲ့ ပြန်လည် အစားထိုးဖို့ စီစဉ်လာခဲ့ရပါတယ်။

Photo Credit : Sempre Milan

မီလန်က ကနဦးပိုင်းမှာ ဘိုလော့ဂ်နာရဲ့ နယ်သာလန် တိုက်စစ်ကစားသမား ဂျိုရှုအာ ဇက်ခ်ဇီကို ခေါ်ယူဖို့ ကစားသမားနဲ့ သဘောတူညီမှု ရခဲ့ပေမယ့်လည်း အေးဂျင့်ရဲ့ ကော်မရှင်ခ အဆင်မပြေမှုကနေ နောက်ဆုံးတော့ ခေါ်ယူနိုင်ခြင်း မရှိခဲ့ပဲ ဇက်ခ်ဇီကလည်း မန်ချက်စတာ ယူနိုက်တက်အသင်းဆီကိုသာ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဇက်ခ်ဇီကို မခေါ်ယူနိုင်ခဲ့တဲ့ မီလန်က ခါးသီးမြို့ခံပြိုင်ဘက် အင်တာမီလန် ကစားသမားဟောင်းဖြစ်သူ တိုက်စစ်မှူး ရိုမယ်လ်လူ လူကာကူနဲ့ပါ အပြောင်းအရွှေ့ ကောလဟာလတွေပါ ထွက်ပေါ်လာခဲ့ရပေမယ့် လက်ရှိ မီလန်မှာ အကြံပေးအဖြစ် တာဝန်ယူနေတဲ့ မီလန် legend ကြီး အီဘရာဟီမိုဗစ်ကတော့ ဒီသတင်းတွေကို ငြင်းဆန်ထားခဲ့ပါတယ်။

Photo Credit : Sempre Milan

တိုက်စစ်ပိုင်း အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ မီလန်က ဒီရက်ပိုင်းမှာ ချယ်လ်ဆီး တိုက်စစ်မှူးဟောင်းတွေဖြစ်တဲ့ မိုရာတာ ၊ အေဘရာဟမ်တို့ကို ချိတ်ဆက်လာခဲ့ရင်း အခုတော့ ယူရို ချန်ပီယံ စပိန်တိုက်စစ်မှူးကို အီတလီ စီးရီးအေပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်နိုင်ဖို့ အခြေအနေ ကောင်းလာခဲ့ရပြီ ဖြစ်ပါတယ်။

မီလန်ဟာ ဂျုဗင်တပ်စ် ကစားသမားဟောင်း မိုရာတာကို အသက်လက်တီကိုကနေ သတ်မှတ်ထားတဲ့ မိုရာတာရဲ့ စာချုပ်လျော်ကြေး တန်ဖိုး ယူရို (၁၃)သန်းအတိုင်း ပေးချေ ခေါ်ယူသွားမယ်လို့ အသက်လက်တီကိုအသင်းထံ အသိပေးခဲ့သလို မိုရာတာနဲ့လည်း နှုတ်အားဖြင့် သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ လာမယ့် (၄၈)နာရီအတွင်းမှာလည်း ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အသင်းနှစ်သင်းကြား အပြီးသတ် သဘောတူညီမှု ရရှိနိုင်ဖို့လည်း ရှိနေရပါတယ်။