ပူပူနွေးနွေး အီတလီ စီးရီးအေ ချန်ပီယံ အေစီမီလန်က လာမယ့် ဘောလုံးရာသီ အတွက် ပထမဦးဆုံး ကစားသမား ခေါ်ယူမှု အဖြစ် ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တောင်ပံတိုက်စစ် ကစားသမား ဘာနာဒက်ချီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။

အသက် ၂၈နှစ် အရွယ် အီတလီ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဘာနာဒက်ချီဟာ လာမယ့် ဇူလိုင်လ ၁ရက်နေ့မှာ ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဘာနာဒက်ချီက ဘယ်တောင်ပံနဲ့ ညာတောင်ပံ နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိသလို စီးရီးအေ အတွေ့အကြုံရင့် ကစားသမား တဦးလည်း ဖြစ်တာကြောင့် အီတလီ စီးရီးအေရဲ့ နာမည်ကြီး အသင်းတွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အေစီမီလန်ကတော့ သူ့ကို ခေါ်ယူနိုင်ဖို့ အကောင်းဆုံး အနေအထား တရပ်မှာ ရှိနေပါတယ်။

အီတလီ စီးရီးအေချန်ပီယံ အေစီမီလန်က လာမယ့် နွေအပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်နဲ့ ကွင်းလယ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းဖို့ စီစဉ်နေပြီး ဘာနာဒက်ချီဟာ သူတို့ရဲ့ အဓိက ပစ်မှတ် ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် ပက်ဒရို အယ်မီဒီရိုရဲ့ ဖော်ပြချက်အရ အေစီမီလန်က ဘာနာဒက်ချီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အလွန်အမင်း နီးစပ်နေပြီး ဘာနာဒက်ချီက အေစီမီလန်နဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ရှိနေကြောင်း သိရပါတယ်။

အေစီမီလန်က ဘာနာဒက်ချီကို ခေါ်ယူနိုင်ခဲ့ပြီးရင် လိုင်လီရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ ဘော့မန်းကို ခေါ်ယူဖို့ ဆက်လက် ကြိုးစားဖွယ် ရှိကြောင်းလည်း နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Gazetta သတင်းဌာနက ဖော်ပြထားပါတယ်။