လေဗာကူဆင်အသင်းရဲ့ ထွန်းတောက်နေတဲ့ ကြယ်ပွင့် ကွင်းလယ်လူ ဖလော်ရီယန် ဝါ့ဇ်ကို ခေါ်ယူနိုင်ဖို့အတွက် လီဗာပူးလ်အသင်းဟာ မန်ချက်စတာ စီးတီး ၊ ဘိုင်ယန်မြူးနစ်တို့လို အင်အားကြီးအသင်းတွေနဲ့ အပြိုင်ကြဲရတော့မှာ ဖြစ်ပါတယ်။ အခုအခါမှာတော့ ဝါ့ဇ် ကိုယ်တိုင် လီဗာပူးလ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို လာရောက် လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။
ဂျာမန်နာမည်ကြီး သတင်းစာ BILD က လေဗာကူဆင် ကွင်းလယ်ဖန်တီးရှင် ဝါ့ဇ်ဟာ ဗြိတိန်ကို ရောက်ရှိနေပြီး အင်္ဂါနေ့က လီဗာပူးလ်အသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ သတင်းတွေအရ ဝါ့ဇ်နဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေဟာ လီဗာပူးလ်အသင်းရဲ့ လေ့ကျင့်ရေးစင်တာမှာ ကလပ်ရဲ့ ထိပ်ပိုင်းလူကြီးတွေနဲ့ ထိုင်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီအချက်က ဝါ့ဇ်ကို အန်ဖီးလ်ကို ခေါ်ယူဖို့ လီဗာပူးလ်အသင်းက အလေးအနက် ကြိုးပမ်းနေတယ်ဆိုတာကို ပြသနေပါတယ်။
Photo Credit : Anfield Watch
ဂျာမန်မီဒီယာ Kicker ကလည်း ဒီလာရောက်လည်ပတ်မှုရဲ့ အသေးစိတ် အစီအစဉ်တွေကို ဖော်ပြခဲ့ပြီး အင်္ဂါနေ့က ဝါ့ဇ်နဲ့ သူ့ရဲ့အဖွဲ့ဟာ အင်္ဂလန်ကို ကိုယ်ပိုင်ဂျက်နဲ့ သီးသန့် လေကြောင်းခရီး သွားခဲ့တယ်လို့ Kicker က ဆိုပါတယ်။ လည်ပတ်မယ့် အစီအစဉ်မှာ လီဗာပူးလ်တစ်ခုတည်းသာ ပါဝင်ခဲ့ပြီး သတင်းတွေနဲ့ ဆန့်ကျင်စွာပဲ ဝါ့ဇ်တို့အဖွဲ့ဟာ ပက်ပ် ဂွာဒီယိုလာနဲ့ မန်စီးတီး တာဝန်ရှိသူတွေကို တွေ့ဆုံဖို့ မန်ချက်စတာကို လုံးဝမသွားခဲ့ဘူးလို့ သိရပါတယ်။ တကယ်တော့ ဝါ့ဇ်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်က ထိပ်ဆုံးကနေ ဦးဆောင်နေတာကြောင့် အခုဖြစ်ရပ်ဟာ အံ့အားသင့်စရာ တစ်ခု ဖြစ်ခဲ့ရပါတယ်။
မန်စီးတီးအသင်းကလည်း ဝါ့ဇ်ကို အချိန်ကြာမြင့်စွာကတည်းက သဘောကျနေခဲ့တာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးပမ်းလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဂွာဒီယိုလာ ကိုယ်တိုင်က ဝါ့ဇ်ကို ကီဗင် ဒီဘရိုင်းရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် ရှုမြင်ထားပြီး ခေါ်ယူရေး ဆွေးနွေးပွဲတွေမှာ တိုက်ရိုက် ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ လက်ရှိ ဗြိတိန်ရဲ့ ပြောင်းရွှေ့ကြေးစံချိန်ကို ချိုးဖျက်ဖို့ အသင့်ရှိနေပြီး လေဗာကူဆင်အသင်းနဲ့ သဘောတူညီမှုတောင် ရရှိထားပြီလို့ သိရပါတယ်။
Photo Credit : Football365
ပေါင်(၁၂၆)သန်းခန့် ရှိမယ်လို့ ကောလာဟလ ထွက်ပေါ်နေတဲ့ ဒီကမ်းလှမ်းမှုဟာ ဘိုင်ယန်ရဲ့ ခန့်မှန်းခြေ ပေါင်(၈၄)သန်း ကမ်းလှမ်းမှုထက် အများကြီး သာလွန်နေပါတယ်။ ဒီလို များပြားတဲ့ ငွေကြေးသုံးစွဲမှုက လူငယ် ဂျာမန်လက်ရွေးစင် ကစားသမားကို ခေါ်ယူရာမှာ ပြိုင်ဘက်တွေကို ကျော်ဖြတ်ဖို့ မန်စီးတီးရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို မီးမောင်းထိုးပြနေပါတယ်။
ပရီးမီးယားလိဂ်က စိတ်ဝင်စားမှုတွေ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ ဝါ့ဇ်ဟာ သူတို့နဲ့ နှုတ်ကတိ ပေးထားတဲ့ သဘောတူညီချက်ကို လေးစားလိုက်နာလိမ့်မယ်လို့ ယုံကြည်မှု ရှိနေဆဲပါပဲ။ ဒါပေမယ့် ဒီယုံကြည်ချက်ဟာ အခုအခါမှာတော့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်လာရပြီဖြစ်ပြီး အထူးသဖြင့် လေဗာကူဆင်အသင်းက သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို ပြည်တွင်းပြိုင်ဘက် ဘိုင်ယန်အသင်းဆီ အားဖြည့်ပေးမယ့်အစား ပြည်ပကလပ်တစ်ခုကို ပိုမို ရောင်းချချင်နေတာကြောင့် ဖြစ်ပါတယ်။ ဒီအခြေအနေဟာ ပြောင်းရွှေ့ရေး အခြေအနေကို ပရီးမီးယားလိဂ်ဘက် သိသိသာသာ ပြောင်းလဲသွားစေနိုင်တာကြောင့် လီဗာပူးလ်နဲ့ မန်စီးတီးတို့က ပိုမိုဖြစ်နိုင်ခြေရှိတဲ့ ပြောင်းရွှေ့မယ့်နေရာတွေ ဖြစ်လာစေပါတယ်။