မနေ့ညက အန်ဖီးလ်ကွင်းမှာ ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ မန်ချက်စတာ စီးတီးအသင်းတို့ ပွဲစဉ်မှာ အိမ်ရှင် လီဗာပူးလ်က ဂက်ပို ဆာလာတို့ရဲ့ ဂိုးတွေနဲ့ ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံအသင်း မန်စီးတီးကို အနိုင်ယူခဲ့ပြီး ရမှတ် (၁၁)မှတ်အထိ ဖြတ်တောက်လိုက်ပါတယ်။

လီဗာပူးလ်က နည်းပြသစ် ဆလော့လက်ထက်မှာ ရလဒ်ကောင်းတွေနဲ့အတူ ပရီးမီးယားလိဂ်မှာရော ချန်ပီယံလိဂ်မှာပါ ထိပ်ဆုံးနေရာတွေကနေ ရပ်တည်လျက် ရှိနေပေမယ့် မန်စီးတီးကတော့ နောက်ဆုံးကစားခဲ့တဲ့ (၇)ပွဲဆက်တိုက်အထိ နိုင်ပွဲတွေ ပျောက်ဆုံးနေရပြီး အဲ့ဒီ(၇)ပွဲမှာပါ (၆)ပွဲတောင် ရှုံးနိမ့်ထားခဲ့ရပါတယ်။

Photo Credit : Sky Sports

အခုဆိုရင် မန်စီးတီးဟာ ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းထဲမှာ ဆက်ရှိနေဖို့ထက် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့အတွက်တောင် ဦးစားပေးရဖွယ် ရှိနိုင်ပြီး ဒီလို အခြေအနေဆိုးတွေ ကြုံနေရတဲ့ မန်စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွါဒီယိုလာကိုလည်း လီဗာပူးလ် ပရိသတ်တွေက မနက်ကျရင် အထုတ်ခံရတော့မယ်လို့ပါ လှောင်ပြောင်ခဲ့ကြပါသေးတယ်။

နည်းပြသက်တမ်းတစ်လျှောက် တစ်ခါမှ ဒီလို အခြေအနေဆိုးနဲ့ မကြုံဖူးသေးတဲ့ ဂွါဒီယိုလာက သူ့ကို လှောငင်ပြောင်လာတဲ့ လီဗာပူးလ် ပရိသတ်တွေကို ပြန်လည် တုံ့ပြန်တဲ့ အနေနဲ့ လက်ခြောက်ချောင်းထောင်ပြပြီး သူ မန်စီးတီးနည်းပြအဖြစ် ရယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ဖလား အရေအတွက်ကို ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ဒီလှောင်ပြောင်မှုနဲ့ ပတ်သက်ပြီးတော့လည်း ဂွါဒီယိုလာက

Photo Credit : Goal

“တစ်ကွင်းလုံးမှာ ရှိနေတဲ့ လီဗာပူးလ် ပရိသတ်တွေအားလုံးက ကျွန်တော့်ကို ရာထူးကနေ ပြုတ်စေချင်နေကြတယ်။ ဒါက ဘရိုက်တန်ပွဲကနေ စတင်ခဲ့တာပါပဲ။ ကျွန်တော်တို့အသင်းက ရရှိခဲ့တဲ့ ရလဒ်တွေအရ ဒီလို ဖြစ်စေချင်တာဆိုရင် သူတို့ မှန်ကောင်းမှန်နိုင်ပါမယ်။ ဒါပေမယ့် အန်ဖီးလ်မှာ ဒီလိုမျိုး ဟစ်ကြွေးလိမ့်မယ်လို့ ကျွန်တော် မထင်ထားမိခဲ့ဘူး။ သူတို့က တစ်ဂိုးအသာနဲ့တုန်းက မအော်ခဲ့ပေမယ့် (၂)ဂိုးပြတ်နေချိန်မှာတော့ အော်လာပါတော့တယ်။”

“အရင်တုန်းကလည်း ဒီလိုပုံစံမျိုး သီချင်းအော်ဆိုတာတွေလည်း လုပ်ကောင်းလုပ်ခဲ့မှာပေါ့။ ကျွန်တော်ကတော့ လီဗာပူးလ် ပရိသတ်တွေဆီကနေ ဒီလို မမျှော်လင့်ထားခဲ့ပေမယ့်လည်း ကျွန်တော့်အတွက် အဆင်ပြေပါတယ်။ ဒါက ပွဲရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဒါကို ကျွန်တော် လုံးဝ နားလည်ပါတယ်။ ကျွန်တော်တို့တွေ အတူတကွ မယုံနိုင်လောက်စရာ အားပြိုင်မှုတွေ တိုက်ပွဲတွေ ရှိခဲ့ဖူးပါတယ်။ သူတို့ကိုလည်း ကျွန်တော် လေးစားမှု ရှိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။