မန်ချက်စတာ စီးတီးအသင်းကတော့ ဒူးအရွတ်စုတ်ပြဲတဲ့ ဒဏ်ရာကြောင့် တစ်ရာသီလုံး အနားယူသွားရတော့မယ့် ကွင်းလယ်ကစားသမား ရိုဒရီရဲ့နေရာမှာ အစားထိုးနိုင်ဖို့အတွက် လာမယ့် ဆောင်းဈေးကွက်ထဲ ကွင်းလယ်ကစားသစ် တစ်ဦးကို ခေါ်ယူသွားဖို့ စတင် ပြင်ဆင်နေပြီလို့ သိရပါတယ်။

မန်စီးတီးအတွက် အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ရိုဒရီဟာ အာဆင်နယ်နဲ့ပွဲစဉ်မှာ ရရှိသွားတဲ့ ဒဏ်ရာကြောင့် ခွဲစိတ်မှု ခံယူလိုက်ရပြီ ဖြစ်သလို ဒီဘောလုံးရာသီ တစ်ရာသီလုံး အနားယူသွားရတော့မှာ ဖြစ်တယ်လို့ မန်စီးတီး နည်းပြကြီး ပပ် ဂွာဒီယိုလာကိုယ်တိုင် အတည်ပြု ပြောဆိုထားခဲ့ပါသေးတယ်။

Photo Credit : CNN

လက်ရှိတော့ အပြောင်းအရွှေ့ဈေးကွက်က ပိတ်သိမ်းနေတာလည်းဖြစ်လို့ မန်စီးတီးအနေနဲ့ ရိုဒရီရဲ့နေရာမှာ မက်တီအို ကိုဗာချစ်နဲ့ပဲ အစားထိုး ကစားစေရမှာဖြစ်ပြီး ရိုဒရီနဲ့အတူ ဒီဘရိုင်းလည်း ဒဏ်ရာရနေတာကြောင့် မာသီးယပ်စ် နူးနက်စ်တို့ ဂျိမ်းစ် မက်ကာသီတို့အပြင် လူငယ်အသင်းက ကစားသမားတွေပါ ကစားခွင့်ရလာနိုင်ပါတယ်။

ဒါပေမယ့် တစ်ရာသီလုံး အတိုင်းအတာနဲ့ဆိုရင် ပွဲစဉ်တွေကလည်း အရမ်းများပြားလွန်းတာကြောင့် မန်စီးတီးအနေနဲ့ လာမယ့် ဇန်နဝါရီ ဆောင်းဈေးကွက်မှာ ကွင်းလယ်ကစားသမားတစ်ဦးကို ခေါ်ယူဖြည့်တင်းဖို့ လိုအပ်နေပြီး လက်ရှိမှာတော့ တိုရီနို ကွင်းလယ်လူ ဆင်မြူရယ်လီ ရစ်ချီကို ခေါ်ယူသွားချင်နေပါတယ်။

Photo Credit : Laziostory

အသက် (၂၃)နှစ်အရွယ် အီတလီ ကွင်းလယ်ခံစစ် ကစားသမား ရစ်ချီဟာ ပီယာလို လက်သစ်လို့ တင်စားခေါ်ဆိုခံထားရတဲ့ အရည်အသွေးမြင့် ကစားသမားတစ်ဦးဖြစ်ပြီး အီတလီ လက်ရွေးစင်အသင်းအတွက် ရွေးချယ်ထားခံခဲ့ရသူ ဖြစ်ပါတယ်။ ရစ်ချီက လက်ရှိမှာလည်း တိုရီနိုအသင်းကို စီးရီးအေမှာ ဇယားထိပ်ဆုံးထိ ရောက်ရှိအောင် စွမ်းဆောင်ပေးထားနိုင်တဲ့ ကစားသမားတွေထဲမှာပါ အပါအဝင် ဖြစ်နေပါတယ်။

ဒီကစားသမားက တိုရီနိုနဲ့လည်း ၂၀၂၆ခုနှစ်အထိသာ စာချုပ်သက်တမ်း ကျန်ရှိနေတော့သလို လက်ရှိတန်ကြေးအရလည်း ယူရို (၂၅)သန်းဝန်းကျင်လောက်ပဲ ရှိနေတာကြောင့် ဆောင်းဈေးကွက်မှာ မန်စီးတီးအသင်းဆီ ရောက်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။