အီတလီ စီးရီးအေရဲ့ ထိပ်သီးကလပ်အသင်းဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းဟာ အာဆင်နယ်ရဲ့ ပိုလန် ဘယ်နောက်ခံကစားသမား ယာကု ခီဗီယောကို ခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် (၅)သန်းအပြင် ကွင်းလယ်လူ အာသာမယ်လိုကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အလိုက်ပေး ကမ်းလှမ်းသွားဖို့ စီစဉ်နေတယ်လို့ အီတလီ အခြေစိုက် TuttoSport ကနေ ဖော်ပြလာခဲ့ပါတယ်။

ဂျုဗင်တပ်စ်က လာမယ့် ဘောလုံးရာသီသစ်အတွက် နည်းပြအပြောင်းအလဲ လုပ်ဆောင်ထားပြီး မနှစ်က ရာသီမှာ ဘိုလော့ဂ်နာအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးထားနိုင်တဲ့ နည်းပြ သီယာဂို မော့တာကို ဝါရင့်နည်းပြကြီး အယ်လီဂရီနေရာမှာ အစားထိုးခန့်အပ်ထားကာ အခုလည်း နည်းပြမော့တာ လိုချင်နေတဲ့ ကစားသမားတွေကို ခေါ်ယူသွားဖို့ စီစဉ်လာပါတယ်။

Photo Credit : TEAMtalk

ဂျုဗင်တပ်စ်ရဲ့ ဝါရင့် ဘယ်နောက်ခံလူ အဲလက်စ် ဆန်ဒရိုက လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးလို့ အသင်းကနေ ထွက်ခွာသွားချိန် မော့တာက အသင်းရဲ့ ဘယ်ခြမ်းခံစစ်အတွက် စီးရီးအေ ကစားသမားဟောင်းဖြစ်ပြီး လက်ရှိ အာဆင်နယ်ရဲ့ ဘယ်နောက်ခံကစားသမားဖြစ်တဲ့ ခီဗီယောကို ခေါ်ယူချင်နေပါတယ်။

အာဆင်နယ်အသင်းကလည်း သူတို့ ကစားသမားဖြစ်တဲ့ ခီဗီယောကို လာမယ့်နွေမှာပဲ အသင်းကနေ ပြန်လည် ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး ခီဗီယာအတွက်ကိုလည်း ပြောင်းရွှေ့ကြေး ပေါင် (၂၂)သန်းလောက်အထိ အလိုရှိနေပါတယ်။

Photo Credit : ESPN

အဲ့ဒီအတွက် ဂျုဗင်တပ်စ်ဘက်က ခီဗီယောအတွက် ပြောင်းရွှေ့ကြေး ပေါင် (၅)သန်းအပြင် အာဆင်နယ်ရဲ့ ပစ်မှတ်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဘရာဇီးလ် ကွင်းလယ်လူ အာသာမယ်လိုကိုပါ ပေါင် (၁၇)သန်းအဖြစ် တန်ကြေးသတ်မှတ်ပြီး စုစုပေါင်း ပေါင် (၂၂)သန်းနဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်လာခဲ့ပါတယ်။

ဒါပေမယ့် ခီဗီယောကို ဂျုဗင်တပ်စ် တစ်သင်းတည်းသာ စိတ်ဝင်စားနေတာမဟုတ်ပဲ အေစီမီလန် အပါအဝင် စီးရီးအေ ကလပ်အသင်း များစွာကလည်း အပြိုင် ပစ်မှတ်ထားလျက် ရှိနေပြီး အဓိကတော့ မီလန်နဲ့ ဂျုဗင်တပ်စ်တို့က ခီဗီယောကို အပြိုင်လုကြဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်စ်ရဲ့ ခီဗီယောအတွက် ပေါင် (၅)သန်း + အာသာမယ်လို ကမ်းလှမ်းချက်ကိုတော့ အာဆင်နယ်ဘက်က လက်ခံနိုင်ဖွယ် မရှိနိုင်ပဲ ငွေသားကမ်းလှမ်းမှုကို စဉ်းစားနိုင်ဖွယ် ရှိနေပါတယ်။