စတုဂတ်အသင်းရဲ့ တိုက်စစ်ကစားသမား ဂွီယာဆီကတော့ ဒီနှစ် ဘောလုံးရာသီအတွင်း အတော်လေးကို စွမ်းဆောင်ရည်ကောင်းတွေ အဆက်မပြတ် ပြသလျက် ရှိနေပြီး လက်ရှိ သူရဲ့ သွင်းဂိုးစွမ်းရည်တွေက ကြောက်ခမန်းလိလိ ဖြစ်နေရပါတယ်။

အသက် (၂၇)နှစ်အရွယ် ဂီနီလက်ရွေးစင် မထင်မရှား ကစားသမားတစ်ဦးဟာ အခုလို ထိပ်တန်း ကစားသမားတွေနဲ့အပြိုင် ဂိုးတွေ တပြုံကြီး သွင်းယူနေရင်း လက်ရှိ ဥရောပ ထိပ်တန်း ကစားသမားတွေထဲ ဂိုးသွင်းအား အမြင့်မားဆုံး ဖြစ်လို့နေပါတယ်။

Photo Credit : Youtube

ပြင်သစ်မြေမှာ မွေးပြီး ဂီနီလက်ရွေးစင်အသင်းအတွက် ကိုယ်စားပြု ကစားပေးနေတဲ့ ဂွီယာဆီဟာ ပြင်သစ်ကလပ် လာဗယ်လ်အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့ရင်း လိုင်လီ အော်ဇေးအသင်းတွေမှာပါ ပါဝင်ကစားခဲ့ပါတယ်။ အဲ့ဒီကနေ ၂၀၁၆မှာ ဂျာမန်ကလပ် ကိုလုံးကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၀မှာတော့ ပြင်သစ် နာမည်ကြီးကလပ် ရန်းစ်အသင်းဆီ ရောက်ရှိခဲ့ပြန်ပါတယ်။

ရန်းစ်မှာ (၂)ရာသီအတွင်း ပွဲပေါင်း (၈၀) ကစားပေးပြီး (၂၅)ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဂွီယာဆီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာပဲ စတုဂတ်အသင်းဆီ အငှားနဲ့ လာရောက်ကစားခဲ့ရင်း အသင်းအတွက် (၂၈)ပွဲကစား (၁၄)ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် စတုဂတ်က သူ့ကို တစ်ခါတည်း အပြီးသတ်ပါ ခေါ်ယူခဲ့ပါတယ်။

Photo Credit : Berliner Zeitung

စတုဂတ်အသင်းဆီ အပြီးသတ် ပြောင်းရွှေ့ပြီးချိန်မှာတော့ ဂွီယာဆီဟာ မထင်ထားလောက်အောင်ပါ ခြေစွမ်းကောင်းတွေ ပိုမို ပြသလာနိုင်ပြီး အခုဆိုရင်လည်း ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၇)ပွဲ ကစားထားပြီးချိန်မှာ ဂွီယာဆီရဲ့ ဘွန်ဒက်စ်လီဂါ သွင်းဂိုးက (၁၃)ဂိုးအထိတောင် ရှိနေခဲ့ရပါတယ်။

ဒီရာသီထဲ လိဂ်ဂိုး (၁၃)ဂိုးအထိ သွင်းယူထားပြီး ဟက်ထရစ် (၂)ကြိမ်အထိ သွင်းယူထားနိုင်တဲ့ ဂွီယာဆီက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကစားသမားသစ် ဟယ်ရီကိန်းထက်ကို (၅)ဂိုးသာလွန်လို့နေပြီး ဂွီယာဆီ သူရဲ့သွင်းဂိုးတွေနဲ့ စတုဂတ်အသင်းကိုလည်း အမှတ်ပေးဇယား ထိပ်ဆုံးထိ ပို့ဆောင်ပေးထားနိုင်ခဲ့ပါတယ်။