မန်ချက်စတာ စီးတီးအသင်းရဲ့ အာဂျင်တီးနား တိုက်စစ် ကစားသမားလေး ယူလီယန် အယ်လ်ဗာရက်ဇ်က တကယ့်ကို အပြုအမှု ခံယူချက်နဲ့ အမှုအကျင့်တွေ ကောင်းမွန်လှတဲ့ ကစားသမားတစ်ဦးလို့ မန်စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာက ချီးကျူး ပြောကြားလိုက်ပါတယ်။

အသက်(၂၃)နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ် ကစားသမား အယ်လ်ဗာရက်ဇ်က သူရဲ့ အသက် (၂၂)နှစ်ပြည့် မွေးနေ့မှာပဲ အာဂျင်တီးနားကလပ် ရေးဗားပလိတ်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခွင့် ရရှိခဲ့ပြီး (၅)နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ရင်း ၂၀၂၂-၂၃ ဘောလုံးရာသီမှာပဲ မန်စီးတီးနဲ့ စတင် ပွဲထွပ်ခွင့် ရရှိလာခဲ့ပါတယ်။

Photo Credit : Bola Kompass

သူရဲ့ မန်စီးတီး ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာ အသင်းကို အာလင်း ဟာလန်းလို ဂိုးသွင်းစက်တစ်ဦးနဲ့အတူ ရောက်ရှိလာခဲ့တာဖြစ်လို့ အယ်လ်ဗာရက်ဇ်အနေနဲ့ စီးတီးအတွက် ပွဲကစားခွင့် နည်းပါးနိုင်မယ် ၊ ဟာလန်းရဲ့ လောင်းရိပ်မိနိုင်တယ်လို့ ထင်ကြပေမယ့်လည်း အယ်လ်ဗာရက်က အဲ့ဒီရာသီမှာ ပြိုင်ပွဲစုံ (၄၉)ပွဲအထိတောင် ကစားခဲ့ရရင်း (၁၇)ဂိုး သွင်းယူနိုင်သလို အသင်းနဲ့ပါ Treble Champions အထိ ဖြစ်ခဲ့ပါသေးတယ်။

ဒီလို အောင်မြင်မှုတွေအပြင် အယ်လ်ဗာရက်ဇ်ဟာ အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပါဝင် ဆင်နွဲရင်း ခြေစွမ်းကောင်းတွေလည်း ပြသခဲ့ပြီး ကမ္ဘာ့ချန်ပီယံပါ ဖြစ်ခဲ့ပါသေးတယ်။ လက်ရှိရာသီမှာလည်း မန်စီးတီးအတွက် ပြိုင်ပွဲစုံ (၈)ပွဲ ပါဝင်ထားရင်း (၄)ဂိုး သွင်းယူထားနိုင်တဲ့ အယ်လ်ဗာရက်ဇ်ကို စီးတီးနည်းပြ ဂွာဒီယိုလာက ချီးကျူးမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

Photo Credit : Warta Kepri

“ယူလီယန် အယ်လ်ဗာရက်ဇ်က ထူးခြားသော ကစားသမားပါ။ ကစားရသည်ဖြစ်စေ မကစားရသည်ဖြစ်စေ ကမ္ဘာ့ချန်ပီယံ ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ သူက အမြဲတမ်း အမှုအကျင့်ကောင်း ရှိတက်ပါတယ်။ သူ ပါဝင် ကစားရခြင်း မရှိတဲ့အချိန်မှာ စိတ်ပျက်နေတတ်တာပေမယ့် အခွင့်အရေး ရတဲ့ အချိန်တိုင်းမှာ အမြဲတမ်း အဆင်သင့် ဖြစ်နေတက်တာက သူရဲ့ ပြီးပြည့်စုံမှုပါပဲ။” လို့ ဂွာဒီယိုလာက အမွှမ်းတင်သွားခဲ့ပါတယ်။

မန်စီးတီးအသင်းနဲ့ ၂၀၂၈ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ တောင်အမေရိကကြယ်ပွင့် အယ်လ်ဗာရက်ဇ်ကို ရီးယဲလ် မက်ဒရစ်အသင်းကလည်း အသင်းရဲ့ အနာဂတ် ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။