ယမန်နေ့မှာပဲ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးကနေ အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားဆီ ၁ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး ရိုမီလု လူကာကူက သူဟာ ဆရာဟောင်း မော်ရင်ဟိုနဲ့ လက်တွဲချင်တာကြောင့် ရိုးမားဆီ ပြောင်းလာခဲ့တာပါလို့ ရိုးမား ကစားသမားဘဝ ပထမဦးဆုံး အင်တာဗျူးမှာပဲ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး ရိုမီလု လူကာကူက ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ အင်တာမီလန် စတဲ့ ဥရောပ ထိပ်သီးအသင်းတွေမှာ ကစားခဲ့သူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ရာသီမှာ အင်တာမီလန်ဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရာ ခြေစွမ်းကောင်း တချို့ ပြသနိုင်ခဲ့ပေမယ့် ကတိပျက်ကွက်မှု တချို့ကြောင့် အင်တာမီလန်ဆီ အပြီးသတ် မပြောင်းရွှေ့နိုင်ခဲ့ပါဘူး။

Photo Credit: Roma

လူကာကူက အင်တာမီလန်ဆီ အငှားနဲ့ သွားရောက် ကစားနေချိန်မှာ သူဟာ အငှားစာချုပ် ပြီးဆုံးရင် အင်တာမီလန်ဆီ အပြီးသတ် ပြောင်းလာမယ်လို့ ကတိပေးခဲ့ပေမယ့် ရာသီကုန်ခါနီးမှာပဲ လူကာကူက ဂျူဗင်တပ်ဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှု တချို့ လုပ်ခဲ့ပါတယ်။

ဂျူဗင်တပ်နဲ့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးမှု သတင်းပေါက်ကြားပြီးနောက် အင်တာမီလန်က လူကာကူကို မခေါ်တော့ဖို့ ဆုံးဖြတ်လိုက်သလို ဂျူဗင်တပ်ကလည်း လူကာကူအတွက် တရားဝင် ကမ်းလှမ်းမှု မလုပ်ခဲ့တာကြောင့် ရိုးမားက ရလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချကာ လူကာကူကို တရာသီအငှားနဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ရိုးမားက လူကာကူအတွက် အငှားကြေးအဖြစ် ချယ်လ်ဆီးထံ ယူရို ၅.၈သန်း ပေးချေခဲ့ရပြီး ရိုးမားက ယမန်နေ့မှာပဲ လူကာကူရဲ့ အပြောင်းအရွှေ့ကို တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ လူကာကူက ရိုးမားမှာ ကျောနံပါတ် ၉၀ကို ဝတ်ဆင် ကစားဖို့ ရွေးချယ်ထားပါတယ်။

ရိုးမားဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် လူကာကူက သူဟာ ကလေးဘဝအရွယ်ထဲက ဆရာဟောင်း မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစားဖို့ စိတ်ကူးရှိခဲ့တာပါလို့ ထုတ်ဖော် ပြောဆိုလာပါတယ်။ လူကာကူက – “ကျွန်တော် ကလေးဘဝအရွယ်ထဲက မော်ရင်ဟိုနဲ့ လက်တွဲချင်ခဲ့တာပါ။ အခုတော့ ကျွန်တော်က သူနဲ့ တတိယအကြိမ် လက်တွဲခွင့် ရခဲ့ပါပြီ။ သူက ကျွန်တော့်ကို သိသလို ကျွန်တော့်ရဲ့ မိသားစုနဲ့လည်း ခင်မင်ပါတယ်။ ပြီးတော့ သူက ကျွန်တော်ဟာ ဘယ်လိုလူလဲ ဆိုတာ သိတယ်။ ကျွန်တော်ကလည်း သူ့ရဲ့အကြောင်းကို ကောင်းကောင်းကြီး သိပါတယ်။ ကျွန်တော်တို့ နှစ်ယောက် ပူးပေါင်းလိုက်ရင် လှပတဲ့ အရာတွေကို ဖန်တီးနိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့က အသင်းကောင်း တသင်းပါ။ ဒါကြောင့် အတူတူ အကောင်းဆုံး ကြိုးစားပြီး တပွဲထက် တပွဲ ပိုကောင်းလာအောင် လုပ်ရပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။