အင်တာမီလန်အသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်း ရိုမယ်လူ လူကာကူကို အငှားခေါ်ယူတာကနေ အပြီးသတ် ခေါ်ယူနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေပေမယ့်လည်း လူကာကူရဲ့ အပြုအမှုတွေကြောင့် စိတ်ပျက်နေရပြီး ခေါ်ယူဖို့ ကြိုးပမ်းနေမှုကိုပါ အဆုံးသတ်လိုက်ဖွယ်လည်း ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : TEAMtalk

အင်တာမီလန်ကို စီးရီးအေ ချန်ပီယံဖြစ်အောင် အဓိက စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံ တိုက်စစ် ကစားသမား လူကာကူဟာ ၂၀၂၁ခုနှစ်မှာပဲ အင်တာကနေ ချယ်လ်ဆီးကို ပေါင် (၉၇.၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး တစ်ရာသီ အကြာမှာတော့ အင်တာဆီကို အငှားနဲ့ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ လက်ရှိမှာ အင်တာက လူကာကူကို အပြီးသတ် ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေပေမယ့် သူတို့ရဲ့ နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းထားမှုကိုတော့ ချယ်လ်ဆီးဘက်က ပယ်ချထားသလို ဂျုဗင်တပ်စ်ကလည်း ဗလာဟိုဗစ်ကို ဆုံးရှံးရမယ်ဆိုရင် သူ့နေရာမှာ လူကာကူနဲ့ အစားထိုးသွားဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit : Football365

လူကာကူကို ဆော်ဒီကလပ်တွေရယ် အင်တာရယ် ဂျုဗင်တပ်စ်ရယ် အပြိုင် စိတ်ဝင်စားနေချိန်မှာ လူကာကူကတော့ ဆော်ဒီကို သွားဖို့ စိတ်မဝင်စားဘူးဆိုပြီး အပြတ် ပြောဆိုထားသလို အင်တာကို လေးစားတဲ့အနေနဲ့ အင်တာရဲ့ စီးရီးအေပြိုင်ဘက် ဂျုဗင်တပ်စ်ကိုပါ မပြောင်းရွှေ့ဘူးလို့လည်း ပြောဆိုထားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ လူကာကူက ဂျုဗင်တပ်စ်နဲ့ ဆွေးနွေးမှုတွေကို လုပ်ဆောင်လျက် ရှိနေတဲ့အပြင် အင်တာဘက်က သူရဲ့အသင်းဖော်တွေ နည်းပြတွေ ဆက်သွယ်မှုကိုလည်း ဘာမှ တုံ့ပြန်ထားခြင်း မပြုပဲ ရှိနေခြင်းကို အင်တာဘက်က ဒေါသပုန်ထနေပါတယ်။

Photo Credit : talkSPORT

ဂျုဗင်တပ်စ်ကတော့ လူကာကူအတွက် ပြောင်းရွှေ့ကြေး ယူရို (၃၇.၅)သန်း + အပိုဆုကြေး ယူရို (၂.၅)သန်းနဲ့ ကမ်းလှမ်းဖို့ ရှိနေပေမယ့်လည်း ဗလာဟိုဗစ်ကို ရောင်းချပြီးမှသာ ကမ်းလှမ်းဖို့ ရှိနေသလို လူကာကူဘက်ကလည်း ဂျုဗင်တပ်စ်နဲ့ အခုလို ဆက်သွယ်နေဦးမယ်ဆိုရင် အင်တာက လူကာကူကို အပြီးသတ် ခေါ်ယူဖို့ ကြိုးပမ်းမှုအား ရပ်တန့်လိုက်ဖို့ ရှိနေပါတယ်။ ချယ်လ်ဆီးကတော့ အသင်းနဲ့ မပူးပေါင်းချင်တော့တဲ့ လူကာကူကို အလျင်အမြန် ရောင်းချချင်နေပြီး အင်တာနဲ့လည်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။