ဘာစီလိုနာနဲ့ အင်တာမီလန်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်ဟာ အပြန်အလှန် သွင်းဂိုးတွေနဲ့ စိတ်လှုပ်ရှားစဂာတွေ ပြည့်နှက်နေတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး ဒီပွဲဟာ ဘာစီလိုနာ တောင်ပံကစားသမား ရာဖင်ဟာအတွက်တော့ အမှတ်ရစရာ ညတစ်ည ဖြစ်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အိမ်ကွင်း နူးကမ့်မှာ အင်တာမီလန်နဲ့ ၃-၃ ဂိုး သရေကျခဲ့တဲ့ ဒီပွဲစဉ်မှာ အသက်(၂၈)နှစ်အရွယ် ဘရာဇီးလ် တောင်ပံတိုက်စစ်ကြယ်ပွင့် ရာဖင်ညာဟာ ထပ်မံ ခြေစွမ်းပြသနိုင်ခဲ့ပြီး Ballon d’Or ဆု အတွက် ထိုက်တန်ကြောင်း ပိုမို သက်သေပြနိုင်ခဲ့ပါတယ်။
နည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ ဘာစီလိုနာအသင်းဟာ အင်တာမီလန်ကို ပွဲချိန်အတွင်း နှစ်ကြိမ်တိုင်တိုင် နောက်ကနေ လိုက်ကစားပြီး သရေရလဒ် ရယူနိုင်ခဲ့တာကြောင့် လာမယ့်အပတ် အီတလီမှာ ကစားမယ့် ဒုတိယအကျော့အတွက် အခြေအနေကောင်းကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအတွက် ဂိုးတွေကို လူငယ်ကြယ်ပွင့် လာမင်း ယာမားလ် ၊ ဖာရန် တောရက်စ်တို့က သွင်းယူပေးခဲ့ပြီး ရာဖင်ဟာရဲ့ ဧရိယာပြင်ပ ကန်ချက်က အင်တာဂိုးသမား ဆွန်မားနဲ့ထိပြီး ဂိုးဝင်ခဲ့ပါသေးတယ်။
Photo Credit : talkSPORT
ဒီပွဲမှာ အထူးခြားဆုံးကတော့ ပထမပိုင်း မပြီးခင်လေးမှာ ဖာရန် တောရက်စ် သွင်းယူခဲ့တဲ့ ချေပဂိုးကို ရာဖင်ညာက ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဂိုးဖန်တီးမှုဟာ ရာဖင်ညာအတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဖန်တီးမှုကြောင့် လိဒ်စ်ယူနိုက်တက် ကစားသမားဟောင်းဟာ ဘာစီလိုနာအသင်းရဲ့ ဂန္တဝင်ကစားသမား လီယွန်နယ် မက်ဆီ ကိုယ်တိုင် စိုက်ထူထားခဲ့တဲ့ စံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့လို့ပါပဲ။
ရာဖင်ညာဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုပေါင်း အကြိမ် ၂၀ အထိ ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ မက်ဆီက ဘာစီလိုနာအတွက် ချန်ပီယံလိဂ်မှာ တစ်ရာသီအတွင်း အကောင်းဆုံး စွမ်းဆောင်ခဲ့တဲ့ သွင်းဂိုးနဲ့ ဖန်တီးမှုပေါင်း ၁၉ ကြိမ် ဆိုတဲ့ စံချိန်ထက် တစ်ကြိမ် ပိုများသွားခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Sempre Barca
လက်ရှိမှာတော့ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးပါဝင်ပတ်သက်မှု (သွင်းဂိုး + ဖန်တီးမှု) အများဆုံး ပြုလုပ်ထားနိုင်သူကတော့ ခရစ္စတီယာနို ရော်နယ်လ်ဒို ဖြစ်ပြီး သူက ၂၁ ကြိမ်နဲ့ စံချိန်တင်ထားပါတယ်။ ရာဖင်ညာဟာ လက်ရှိ ခြေစွမ်းအတိုင်းသာ ဆက်သွားမယ်ဆိုရင် ရော်နယ်လ်ဒိုရဲ့ စံချိန်ကိုပါ ဒီရာသီကုန်မှာ ချိုးဖျက်သွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။
ရာဖင်ညာဟာ ဒီရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၅၁)ပွဲ ကစားထားရာမှာ သွင်းဂိုး (၃၀)အထိ ရရှိထားပြီး ဂိုးဖန်တီးမှု (၂၁)ကြိမ် ပြုလုပ်ထားကာ အသင်းအတွက် မရှိမဖြစ် ကစားသမား ဖြစ်နေပါတယ်။ သူဟာ ဘာစီလိုနာရဲ့ လာလီဂါ ချန်ပီယံဆု ကြိုးပမ်းမှုမှာ အဓိက အားထားရသူ ဖြစ်သလို မကြာသေးခင်က ရီးရဲလ် မက်ဒရစ်ကို အနိုင်ယူပြီး ကိုပါဒယ်လ်ရေးဖလားကို ဆွတ်ခူးထားတာကြောင့် ရာသီကုန်မှာ ဆုဖလား (၃)လုံးနဲ့ အောင်ပွဲခံနိုင်ဖို့လည်း မျှော်လင့်ချက် ရှိနေပါတယ်။