ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ အာဆင်နယ် ၊ မန်ချက်စတာ ယူနိုက်တက်တို့မှာ ကစားခဲ့ဖူးသလို လက်ရှိမှာ ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် မာဆေးလ်မှာ ကစားနေတဲ့ ချီလီ ကြယ်ပွင့် အလက်ဆစ် ဆန်းချက်ဇ်ကတော့ သူဟာ အာဆင်နယ်မှာ ကစားခဲ့စဉ်က စပါးအား အနိုင်ယူခဲ့တဲ့ ပွဲတွေကို အခုချိန် အထိ မှတ်မိနေဆဲ ဖြစ်တာကြောင့် မာဆေးလ်နဲ့အတူ စပါးကို အနိုင်ယူဖို့ အဆင်သင့်ပဲလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ချီလီကြယ်ပွင့် တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်က ယခုနှစ် ဘောလုံးရာသီ အစကမှ အင်တာမီလန် ကနေ မာဆေးလ်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူဟာ မာဆေးလ် အတွက် ပြိုင်ပွဲစုံမှာ ၁၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူပေးထားကာ အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit: Talk sports

ဆန်းချက်ဇ်ရဲ့ မာဆေးလ်က ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ စပို့တင်း လစ္စဘွန်း ၊ စပါး ၊ ဖရန့်ဖတ် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေပြီး လက်ရှိမှာ အုပ်စုအောက်ဆုံးကို ရောက်ရှိနေပေမယ့် အုပ်စုနောက်ဆုံးပွဲ အဖြစ် စပါးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမယ့် ပွဲစဉ်မှာသာ အနိုင်ရလဒ် ရခဲ့မယ် ဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဟူးနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားမယ့် မာဆေးလ်နဲ့ စပါးတို့ရဲ့ ပွဲစဉ်ဟာ နောက်တဆင့်ဆီ ဘယ်အသင်း တက်ရောက်ခွင့် ရမလဲ ဆိုတာကို အဆုံးအဖြတ် ပေးမယ့် ပွဲတပွဲ ဖြစ်တာကြောင့် အကြိတ်အနယ် ရှိမယ့် ပွဲစဉ်တပွဲ ဖြစ်ပြီး မာဆေးလ်ကြယ်ပွင့် ဆန်းချက်ဇ်ကတော့ သူဟာ အသင်းဟောင်း အာဆင်နယ်နဲ့အတူ စပါးကို အနိုင်ရဖူးတာကြောင့် အခုပွဲမှာလည်း စပါးကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ထားကြောင်း ဆိုပါတယ်။

Photo Credit: Talk sports

ဆန်းချက်ဇ်က – “ကျွန်တော်က အာဆင်နယ်နဲ့အတူ အရမ်းကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်ခဲ့တာပါ။ အာဆင်နယ်မှာ ကစားခဲ့တုန်းက အသင်းမှာ ရှိတဲ့ လူတိုင်းနဲ့ အမှတ်တရကောင်းတွေ ရှိခဲ့သလို ပရိသတ်တွေနဲ့လည်း ကောင်းမွန်တဲ့ အခိုက်အတန့်တွေကို ဖြတ်ကျော်ခဲ့ရပါတယ်။ အာဆင်နယ်မှာ ကစားခဲ့ဖူးတာကြောင့် စပါးကို အနိုင်ရတဲ့ ပွဲတိုင်းဟာ ကျွန်တော့် အတွက် ပျော်စရာကောင်းတဲ့ ပွဲတွေချည်းပါပဲ။ အာဆင်နယ်နဲ့အတူ စပါးကို အနိုင်ရဖူးတဲ့ ပွဲတွေဟာ ထူးခြားတဲ့ပွဲတွေ ဖြစ်ပြီး အဲ့ဒီအမှတ်တရတွေကို ကျွန်တော့်ရဲ့ ရင်ထဲမှာ အခုချိန်အထိ သိမ်းထားဆဲပါ။ အခု ကျွန်တော်တို့အသင်းမှာ ရှိနေတဲ့ ကစားသမားတိုင်းကလည်း စပါးနဲ့ပွဲကို ကစားဖို့ စိတ်အားထက်သန်နေသလို အနိုင်ရမယ်လို့လည်း ယုံကြည်နေကြပါတယ်။ အိမ်ကွင်းမှာ ကစားရမယ့်ပွဲ ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုနဲ့ နိုင်ပွဲ တပွဲ ရယူနိုင်မယ်လို့လည်း ယုံပါတယ်” ဆိုပြီး ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။