အာဆင်နယ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားသစ် မာတင် ဇူဘီမန်ဒီက လီဗာပူးလ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းနဲ့ သူ့အတွက် အသင့်တော်ဆုံးနည်းပြလို့ ယုံကြည်တဲ့ မီခေးလ် အာတီတာကြောင့် အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပုံကို ဖွင့်ဟပြောကြားလိုက်ပါတယ်။ စပိန်လက်ရွေးစင်ကွင်းလယ်လူ ဇူဘီမန်ဒီဟာ ဒီနွေရာသီမှာ ရီးယဲလ် ဆိုစီဒက်အသင်းကနေ အာဆင်နယ်အသင်းဆီ ပေါင်(၅၅)သန်းတန် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ (၁၂ )လအကြာက သူဟာ လီဗာပူးလ်အသင်းရဲ့ အလားတူ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ဖူးပါတယ်။
အဲဒီအချိန်က လီဗာပူးလ်အသင်းဟာ ဒီစပိန်ကြယ်ပွင့်ကို ပြိုင်ဘက်တွေကိုကျော်ပြီး ခေါ်ယူနိုင်တော့မယ်လို့ ယုံကြည်ထားခဲ့ပေမယ့် ဇူဘီမန်ဒီက ဆိုစီဒက်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြောင်း အကြောင်းပြန်ခဲ့တာပါ။ ဇူဘီမန်ဒီက သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆုံးဖြတ်ချက်အကြောင်းကို “တစ်သက်မှာတစ်ခါရတဲ့ အခွင့်အရေးဆိုတာကို ကျွန်တော် သိပ်မယုံဘူး” လို့ ပြောဆိုခဲ့ဖူးပြီး ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ အလျင်စလိုလုပ်စရာမလိုဘူးလို့ ခံယူထားခဲ့ပါတယ်။
Photo Credit : Goal
အခုအခါ အာဆင်နယ်အသင်းနဲ့အတူ စင်္ကာပူနိုင်ငံမှာ ရာသီကြိုခရီးစဉ် aရာက်ရှိနေတဲ့ ဇူဘီမန်ဒီက သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ မှန်ကန်ခဲ့ကြောင်း ယုံကြည်ချက်ရှိရှိ ပြောပြခဲ့ပါတယ်။ “ပြီးခဲ့တဲ့နွေရာသီက တကယ်ကို မလွယ်ကူတဲ့အချိန်ပါ” လို့ သူက ပြန်ပြောင်းပြောပြပါတယ်။ “ကျွန်တော် ဆိုစီဒက်မှာပဲ ဆက်နေချင်ခဲ့တာပါ။ ဒါပေမဲ့ ကမ်းလှမ်းမှုတွေ ရောက်လာတဲ့အခါ ကိုယ့်ရဲ့ရွေးချယ်စရာတွေအကြောင်း စဉ်းစားမိတာပေါ့။”
“ကျွန်တော် အရင်ဆုံးဖြေရမယ့်မေးခွန်းက အသင်းကနေ ထွက်ခွာချင်သလား ဆိုတာပါပဲ။ အဲဒီအချိန်က ထွက်ခွာဖို့ အချိန်အခါမကျသေးပါဘူး။ ဆိုစီဒက်အသင်းက ကျွန်တော့်ကို အခွင့်အရေးတွေ ပိုပေးနိုင်သေးတယ်။ ကျွန်တော်လည်း သင်ယူစရာတွေ အများကြီးကျန်သေးတယ်လို့ ခံစားမိတဲ့အတွက် ဆက်နေခဲ့တာ အကောင်းဆုံး ဆုံးဖြတ်ချက်ပါပဲ။” လို့ ဇူဘီမန်ဒီက ပြောဆိုခဲ့ပါတယ်။
Photo Credit : Arsenal Insider
ဇူဘီမန်ဒီကို အသင်းပြောင်းလာအောင် စည်းရုံးနိုင်ခဲ့သူကတော့ နည်းပြ အာတီတာ ဖြစ်ပါတယ်။ ဇူဘီမန်ဒီလိုပဲ စပိန်နိုင်ငံ ဘတ်စ်ခ်ဒေသက ဆန်ဆီဘက်စတီယန်မြို့သားဖြစ်တဲ့ အာတီတာဟာ ဇူဘီမန်ဒီနဲ့ ဖုန်းပြောဆိုခဲ့ပြီးနောက်မှာ နှစ်ဦးသား အလွန်အစေးကပ်သွားခဲ့ပါတယ်။ အာဆင်နယ်ဟာ အရင်နှစ်က ဆိုစီဒက်အသင်းဆီကနေ ဇူဘီမန်ဒီရဲ့ ကွင်းလယ်အတွဲဖက်ဟောင်း မီခေးလ် မယ်ရီနိုကို ခေါ်ယူထားခဲ့တာကြောင့် ဇူဘီမန်ဒီလည်း အသင်းဆီလိုက်လာဖို့ ယုံကြည်မှုရှိခဲ့တာပါ။
နည်းပြ အာတီတာကလည်း “ဒါဟာ ကျွန်တော်တို့လိုချင်တဲ့ ကစားသမားနှစ်ယောက်ကို မတူညီတဲ့နှစ်တွေမှာ တစ်ချိန်တည်းရရှိဖို့ အသင်းကနေ အလွန်ကောင်းမွန်စွာ စီစဉ်ညွှန်ကြားခဲ့တဲ့ အစီအစဉ်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ကစားသမားနှစ်ယောက်စလုံးကလည်း ပြောင်းလာဖို့ အရမ်းစိတ်အားထက်သန်ခဲ့ကြတာက အရေးကြီးဆုံးပါပဲ။ ဆိုစီဒက်အသင်းကလည်း အခြေအနေကို နားလည်ပေးခဲ့ပြီး အရမ်းကို ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ အားလုံးအတွက် အလွန်အပြုသဘောဆောင်တဲ့ ရလဒ်တစ်ခုလို့ ပြောနိုင်ပါတယ်။” ဆိုပါတယ်။