ဇလာတန်အီဘရာဟီမိုဗစ်ကတော့ လက်ရှိမှာ သာမန်ဘောလုံးသမားတစ်ဦးရဲ့ အသက်အရွယ် ပမာဏမျိုးထက်ကို ကျော်လွန်နေပြီ ဖြစ်ပေမယ့်လည်း သူကိုယ်တိုင်ကတော့ ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ဖို့ အစီအစဉ် လုံးဝ မရှိသေးကြောင်းသာ တုံ့ပြန်ထားခဲ့သလို မကြာခင်မှာလည်း ဒဏ်ရာကနေ သက်သာပြီး ဘောလုံးပြန်ကစားနိုင်တော့မယ်လို့ ကြွေးကြော်လိုက်ပါတယ်။

Photo Credit : Eurosport

လက်ရှိမှာ အသက်(၄၁)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ မိုဗစ်ဟာ သူရဲ့ ဘောလုံးသမားသမားဘဝကို အဆုံးသတ်ရလုနီးပါး ဖြစ်စေခဲ့တဲ့ ဒူးဒဏ်ရာကို ခံစားနေရရင်း ပြီးခဲ့တဲ့ မေလမှာပဲ ခွဲစိတ်မှု ခံယူခဲ့ရကာ လက်ရှိအချိန်ထိ အနားယူနေရတာ ဖြစ်ပါတယ်။ ဒီလို ဒဏ်ရာအခြေအနေဆိုးကြီးနဲ့ ကြုံတွေ့ရချိန်မှာတောင် ကစားသမားဘဝကို အဆုံးမသတ်ခဲ့တဲ့ မိုဗစ်ကို မီလန်အသင်းဘက်ကလည်း တစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး အသင်းမှာ ဆက်လက် ထားရှိခဲ့သလို မိုဗစ်ကလည်း အနားယူနေရာကနေ မကြာခင်မှာပဲ မီလန်အတွက် ပြန်ကစားနိုင်တော့မှာဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

Zlatan Ibrahimovic, 41, is hoping to return to action for AC Milan 'very soon' following his injury

Photo Credit : Daily Mail

မိုဗစ်ဟာ သူ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ရဲ့ အသင်းဖော်ဟောင်းကြီး ဝိန်းရူနီ ပြိုင်ဘက်ဟောင်းကြီး ဆာဂျီယိုရာမို့စ်တို့နဲ့အတူ ယူအေအီးနိုင်ငံ ဒူဘိုင်းမှာ ကျင်းပပြုလုပ်တဲ့ 2022 Globe Soccer Awards ဆုပေးပွဲကို တတ်ရောက်ရင်း “ကျွန်တော် ကွင်းထဲကို မြန်မြန် ပြန်လာချင်ပါတယ်။ ကျွန်တော် စိတ်ခံစားလို့ကောင်းတယ်။ မြန်မြန်ပြန်လာနိုင်ဖို့လည်း မျှော်လင့်ပါတယ်” လို့ အင်တာဗျူးတွေမှာ ဖြေဆိုသွားခဲ့ပါတယ်။ မိုဗစ်ဟာ လက်ရှိမှာ အသက်(၄၀)အရွယ်ကိုပါ ကျော်လွန်နေပြီဖြစ်ပေမယ့်လည်း မနှစ်က ဘောလုံးရာသီမှာ မီလန်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်နိုင်ခဲ့သလို (၂၃)ပွဲအတွင်း (၈)ဂိုးအထိ သွင်းယူနိုင်ကာ အသင်းကိုလည်း (၁၁)နှစ်တာအထိ ဝေးကွာနေတဲ့ စီးရီးအေချန်ပီယံဖလားပါ ရယူပေးနိုင်ခဲ့ပါတယ်။ လာမယ့် ဇန်နဝါရီလလယ်မှသာ ဘောလုံးပြန်ကစားနိုင်ဖွယ် ရှိနေတဲ့ မိုဗစ်ဟာ ဒီရာသီမှာ မီလန်အတွက် တစ်ပွဲမှကို ပါဝင်ကစားပေးနိုင်ခြင်း မရှိသေးပေမယ့် မီလန်က ချန်ပီယံလိဂ်မှာ ရှုံးထွက်(၁၆)သင်းအဆင့်ကို တတ်လှမ်းထားခဲ့လို့ ချန်ပီယံလိဂ်မှာ အတွေ့အကြုံကောင်းတွေများစွာ ရှိထားသူ မိုဗစ်က မီလန်အတွက် အထောက်အကူကောင်းတွေ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။