မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဂျိုရှုအာ ဇာ့ခ်ဇီ၊ လန်နီ ယိုရို နဲ့ ဒီယိုဂို ဒါလော့တို့ (၃)ဦးစလုံးဟာ အသင်းရဲ့ အရေးပါလှတဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မတိုင်မီမှာ လေ့ကျင့်ခန်းတွေ ပြန်လည် ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။

ဒဏ်ရာတွေ အသီးသီး ရရှိနေခဲ့တဲ့ ယူနိုက်တက် ကြယ်ပွင့်သုံးဦးဖြစ်တဲ့ ဇာ့ခ်ဇီ ယိုရို နဲ့ ဒါလော့တို့ဟာ မနက်ဖြန် ဗုဒ္ဓဟူးနေ့ မေလ ၂၁ ရက်နေ့ စပိန်နိုင်ငံ ဘီလ်ဘာအိုမြို့မှာ တော့တင်ဟမ် ဟော့စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အလွန်အရေးပါတဲ့ ယူရိုပါလိဂ် ဖိုင်နယ်ပွဲစဉ် မကျင်းပခင်မှာပဲ အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Goal

ဒီသတင်းဟာ ၂၀၂၄-၂၅ ဘောလုံးရာသီရဲ့ ပထမဆုံးဆုဖလားကို ရယူပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကိုပါ အပိုင်ရယူဖို့ ရည်မှန်းနေတဲ့ ယူနိုက်တက်တို့အတွက် ကြီးမားတဲ့ အားတက်စရာ သတင်းကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တရားဝင် ဆိုရှယ်မီဒီယာစာမျက်နှာမှာ “ဂျို့ရှ်၊ လန်နီ နဲ့ ဒီယိုဂိုတို့ #UEL ဖိုင်နယ်အကြို လေ့ကျင့်ခန်းပြန်ဆင်းနေပါပြီ” လို့ အတည်ပြုဖော်ပြခဲ့ပါတယ်။

ဒီရာသီမှာ ပြိုင်ပွဲစုံ (၅၁) ပွဲအထိ ပါဝင်ကစားထားတဲ့ နောက်ခံလူ ဒီယိုဂို ဒါလော့ဟာ ဧပြီလကုန်ပိုင်းမှာ ခြေသလုံးကြွက်သားဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဂျိုရှုအာ ဇာ့ခ်ဇီကတော့ ဧပြီလ (၁၂) ရက်နေ့က နယူးကာဆယ်အသင်းကို (၄-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်း (၁၀) မိနစ်မှာတင် ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး ရာသီကုန်အထိ အနားယူရတော့မယ်လို့တောင် စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။ ဗဟိုနောက်ခံလူ လန်နီ ယိုရိုကတော့ ယူရိုပါလိဂ်ဖိုင်နယ် မတိုင်မီ (၁၀) ရက်အလိုမှာ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ ကွင်းထဲကနေ ထော့နဲ့ထော့နဲ့ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Goal

ယူနိုက်တက်နည်းပြ ရူဘင် အမိုရင်အတွက်တော့ အရေးကြီးတဲ့ပွဲမတိုင်မီ အဓိက ကစားသမား(၃)ဦးလုံး ပြန်လည် လေ့ကျင့်ခန်းဆင်းနိုင်တာကြောင့် ကစားသမား ရွေးချယ်မှုအတွက် အဆင်ပြေနိုင်ဖွယ် ရှိနေပါတယ်။ ၂၀၂၄-၂၅ ပရီးမီးယားလိဂ်ရာသီဟာ ယူနိုက်တက်အသင်းအတွက် အိပ်မက်ဆိုးတစ်ခုလို ဖြစ်ခဲ့ပြီး ယူရိုပါလိဂ်ဖလားကသာ အသင်းအတွက် မျက်နှာပန်းလှစေမယ့် အခွင့်အရေးတစ်ခုအဖြစ် ကယ်တင်ရှင်အဖြစ် ရှုမြင်နေကြပါတယ်။

ဒီကစားသမား(၃)ဦးထဲက ဘယ်သူတွေ ဘီလ်ဘာအိုကွင်းမှာ နည်းပြ အမိုရင်ရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပေမယ့် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး ဥရောပဆုဖလားကို ကိုင်မြှောက်ဖို့ ကြိုးပမ်းနေတဲ့ ယူနိုက်တက်အသင်းရဲ့ ဘီလ်ဘာအို ခရီးစဉ်ထွက်ခွာမယ့် လူစာရင်းမှာတော့ သူတို့အားလုံး ပါဝင်လာနိုင်ခြေ အလွန်မြင့်မားနေပါတယ်။