မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား ဂျိုရှုအာ ဇာ့ခ်ဇီးက လိုင်ယွန်နဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲမှာ လိုင်ယွန်ရဲ့ သွင်းဂိုး(၂)ဂိုးလုံးအတွက် အမှားတွေ ကျူးလွန်ခဲ့တဲ့ အသင်းဖော် ဂိုးသမား အန်ဒရေ အိုနာနာအပေါ်မှာ ကာကွယ်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
အိုနာနာဟာ အဲ့ဒီပွဲမတိုင်ခင်မှာ ယူနိုက်တက်က လိုင်ယွန်အသင်းထက် ပိုကောင်းတယ်လို့ ပြောဆိုခဲ့လို့ ယူနိုက်တက် ကစားသမားဟောင်းလည်းဖြစ် လက်ရှ လိုင်ယွန်ကစားသမားလည်းဖြစ်တဲ့ မာတစ်နဲ့ပါ စကားအချေအတင်တွေ ဖြစ်ခဲ့သလို မာတစ်ကလည်း အိုနာနာကို ယူနိုက်တက် ဂိုးသမားတွေထဲ အဆိုးရွှားဆုံးလို့ပါ ပြောဆိုခဲ့ပါတယ်။
Photo Credit : Goal
အိုနာနာအနေနဲ့ မာတစ်ရဲ့ အခုလို ပြောဆိုမှုဟာ မှားယွင်းတယ် ဆိုတာကို သက်သေမပြနိုင်ခဲ့ဘဲ လိုင်ယွန်ရဲ့ အဖွင့်ဂိုးကို သူ့အမှားကနေ ခွင့်ပြုပေးလိုက်ရတဲ့အပြင် ဇာ့ခ်ဇီးက ဒုတိယပိုင်းမှာ လူစားဝင်ပြီး ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို သွင်းပေးထားရာကနေ ပွဲပြီးခါနီးမှာ ချာကီရဲ့ ချေပဂိုးကိုပါ အလွယ်တကူ ခွင့်ပြုလိုက်ရပါတယ်။
ဒီလို အမှားတွေ ကျူးလွန်ခဲ့တဲ့ အိုနာနာကို နည်းပြအမော်ရင်က ကာကွယ်မှုတွေ လုပ်ဆောင်သွားခဲ့သလို အခုလည်း ဇာ့ခ်ဇီးကပါ သူ့အသင်းဖော် အိုနာနာပေါ် ခုခံကာကွယ်လာပြန်ပါတယ်။ “ရာနှုန်းပြည့်ပါ။ ကျွန်တော်တို့ဟာ အသင်းတစ်သင်းတည်းပါ၊ ဒါကြောင့် အမှားလုပ်လို့ ဘယ်သူ့ကိုမှ ထုတ်ပစ်မှာ မဟုတ်ပါဘူး။ ဒါဟာ ဟာသပဲ”
Photo Credit : Goal
“ဒီလို သရေကျတာက အမြဲတမ်း နည်းနည်းတော့ စိတ်ပျက်စရာကောင်းတယ်လို့ မပြောချင်ပေမယ့် ဒီလိုဖြစ်သွားတာက နာကျင်စရာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ နောက်ပွဲဖြစ်တဲ့ နယူးကာဆယ်နဲ့ အဝေးကွင်းပွဲကိုပဲ အာရုံစိုက်ရပါမယ်။ နောက်ပြီး လာမယ့်အပတ်မှာ လိုင်ယွန်ကို အိမ်ကွင်းမှာ ပြန်ရင်ဆိုင်ရတဲ့အခါ ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်။”
ကျွန်တော်တို့ နိုင်ရမယ်။ အဲဒါကို ကျွန်တော်တို့အားလုံး သိပါတယ်။ ရှောင်လွှဲလို့ မရပါဘူး။ ဒါဟာ ကျွန်တော်တို့ လုပ်ရမယ့် တစ်ခုတည်းသောအရာပါ။ ဒါဟာ လွယ်ကူမှာ မဟုတ်ပေမယ့် ကျွန်တော်တို့အားလုံး နိုင်ချင်တယ်။ ကျွန်တော်တို့ နိုင်ရမယ်၊ ဒါကြောင့် စောင့်ကြည့်ရုံပါပဲ” လို့ ဇာ့ခ်ဇီးက ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ မနက်ဖြန်မှာပဲ ကာရာဘောင်ဖလား ချန်ပီယံ နယူးကာဆယ်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ လိုင်ယွန်ကို အိမ်ကွင်းမှာ လက်ခံကစားရပါမယ်။