ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဟောင်း ဇီဒန်းက နည်းပြနယ်ပယ်ထဲကို ပြန်လည် ဝင်ရောက်လာဖို့ ဆန္ဒရှိနေပြီး ကစားသမားဘဝတုန်းက သူရဲ့အသင်းဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဂျုဗင်တပ်စ်အသင်းကို ကိုင်တွယ်သွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Football Espana

ပြင်သစ်လူမျိုး နာမည်ကျော် ဘောလုံးနည်းပြ ဇီဒန်းဟာ ၂၀၂၁ခုနှစ်က ရီးယဲလ်အသင်းကနေ ထွက်ခွာပြီးနောက်ပိုင်း ပီအက်စ်ဂျီ ပြင်သစ်လက်ရွေးစင်အသင်း အပါအဝင် အသင်းပေါင်းများစွာနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ရပေမယ့် လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်ပေါ်နေရပါတယ်။ ဒါပေမယ့် RMC နဲ့ အင်တာဗျူးမှာတော့ ဇီဒန်းက နည်းပြနယ်ပယ်ထဲ ပြန်လည် ခြေချသွားဖို့ မျက်စိကျနေပြီး ရေရှည် စီမံကိန်းနဲ့ လုပ်ဆောင်သွားမယ့် အသင်းမျိုးကို ပိုမို ကိုင်တွယ်ချင်နေသလို သူ့အသင်းဟောင်း ဂျုဗင်တပ်စ်ကို ကိုင်တွယ်ချင်နေတယ်လို့ သိရပါတယ်။

Photo Credit : CNN

လက်ရှိမှာ အသက်(၅၀)အရွယ် ရှိနေပြီဖြစ်တဲ့ ဇီဒန်းက ဂျုဗင်တပ်စ်အသင်းမှာ ၁၉၉၆ခုနှစ်ကနေ ၂၀၀၁ခုနှစ်အထိ ကစားသမားဘဝနဲ့ ကျင်လည်ခဲ့ဖူးပြီး ဘောလုံးရာသီ (၅)ရာသီအတွင်း ပွဲပေါင်း (၂၀၀)ကျော် ပါဝင်ကစားထားခဲ့သလို ဆုဖလား အောင်မြင်မှုနဲ့ တစ်ဦးချင်း အောင်မြင်မှုတွေကိုလည်း ပိုင်ဆိုင်ခဲ့ရပါတယ်။ ကစားသမားဘဝကေန အနားယူခဲ့ပြီးနောက် ကစားသမားဘဝရဲ့ နောက်ဆုံးကလပ် ရီးယဲလ်အသင်းကို ကိုင်တွယ်ခဲ့ပြီး ချန်ပီယံလိဂ်မှာ (၃)ရာသီဆက်တိုက်အထိ စံချိန်သစ် အောင်မြင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဇီဒန်းက ရီးယဲလ်ကို (၂)ကြိမ် ကိုင်တွယ်ခဲ့ပြီးနောက် ရီးယဲလ်နည်းပြ ရာထူးကေန နုတ်ထွက်ခဲ့ပြီး အခုထိ နောက်ထပ် အသင်းတစ်သင်းကို မကိုင်တွယ်သေးပဲ ရှိနေပါတယ်။

Photo Credit : The Sun

တကယ်လို့သာ ဂျုဗင်တပ်စ်အနေနဲ့ကလည်း ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ လက်ရှိ အသင်းနည်းပြ မက်စ်အယ်လီဂရီကို စာချုပ်လျော်ကြေးအဖြစ် ပေါင်(၁၈)သန်းခန့်လောက် ပေးချေသွားရနိုင်ပါတယ်။ အယ်လီဂရီက ဂျုဗင်တပ်စ်နဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိလို့နေပြီး လက်ရှိမှာလည်း အသင်းကို ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးထားနိုင်သလို စီးရီးအေ အမှတ်ပေးဇယားမှာ အဆင့်(၃)နေရာ ရပ်တည်နိုင်အောင် လုပ်ဆောင်ပေးထားနိုင်ပါတယ်။