ပြင်သစ် နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီးဖြစ်ပြီး ရီးယဲလ် နည်းပြဟောင်းလည်းဖြစ်တဲ့ ဇီဒန်းက သူဟာလည်း ဘယ်လင်ဟမ်ရဲ့ ခြေစွမ်းပိုင်းတွေကို နှစ်သက်သဘောကျသူ ဘယ်လင်ဟမ်ရဲ့ ပရိသတ်တစ်ဦးပါလို့ ပြောဆိုလာခဲ့ပါတယ်။

အင်္ဂလန်ကြယ်ပွင့် ကစားသမား ဘယ်လင်ဟမ်က ဒီရာသီမှ ဒေါ့မွန်က ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး အသင်းမှာလည်း ဂန္တဝင် ကစားသမားဟောင်းကြီး ဇီဒန်းရဲ့ကျောနံပါတ်ဖြစ်တဲ့ ကျောနံပါတ် (၅)ကိုပါ ဆက်ခံ ဝတ်ဆင်ခွင့် ရရှိခဲ့ပါတယ်။

Photo Credit : Transfermarket

အခုဆိုရင် ဘယ်လင်ဟမ်က သူရဲ့ ရီးယဲလ် ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ ရီးယဲလ်အတွက် (၂၉)ပွဲကစား ဂိုး(၂၀) သွင်းယူပြီး (၈)ဂိုး ဖန်တီးပေးထားနိုင်ခဲ့တဲ့အပြင် ဘယ်လင်ဟမ်က ရီးယဲလ်ရဲ့ အကောင်းဆုံး ကစားသမား ခေါ်ယူမှုတစ်ခုပါ ဖြစ်လာခဲ့ရပါတယ်။

ဒီလို ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဘယ်လင်ဟမ်ကို ပရိသတ်တွေက အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ဇီဒန်းနဲ့ ခိုင်းနှိုင်းနေကြပြီး ဘယ်လင်ဟမ်ကိုယ်တိုင်ကလည်း သူဟာ ငယ်စဉ်ကတည်းက ဇီဒန်းလို ကစားသမားတစ်ဦး ဖြစ်လာချင်တာလို့ ထုတ်ဖော် ဝန်ခံထားခဲ့ပါသေးတယ်။

Photo Credit : Goal

အခုလည်း ဇီဒန်းက ဘယ်လင်ဟမ်နဲ့ ပတ်သက်ပြီး “သူက မယုံနိုင်စရာတွေကို လုပ်ပြနိုင်တဲ့ ကစားသမားပါ။ သူ ဘာတွေ ဆက်လုပ်မယ်ဆိုတာ ခင်ဗျား စိတ်ကူးကြည့်နိုင်ပေမယ့် အခု သူ လုပ်ဆောင်နေတာတွေကို အချက်အလက် တော်တော်များများကိုပါ ကျော်ဖြတ်ထားနိုင်ပါပြီ။ အခု သူက အသက်(၂၀)ပဲ ရှိသေးတာကိုတော့ မမေ့ပါနဲ့။”

“သူက ရီးယဲလ်မက်ဒရစ်အသင်းကို လိုအင်ဆန္ဒများစွာ ရည်ရွယ်ချက်များစွာနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီးတော့ သူ့အတွက် သတ်မှတ်ထားတာတွေကလည်း အရမ်းမြင့်မားပါတယ်။ သူကတော့ ဒီတိုင်း သူဘယ်လို ကစားသမားလဲဆိုတာ လူတိုင်းကို ထုတ်ပြတယ်။ နောက်ပြီး သူ့ကို ဒီလို မြင်တွေ့ရတာကလည်း အရမ်းကောင်းပါတယ်။ အခု ကျွန်တော်က သူ့ပရိသတ် ဖြစ်နေပါပြီ။ အခုဆိုလည်း ကျွန်တော်က သူ့ကို ရီးယဲလ်မှာ ဆုဖလားတွေ အများကြီး ရယူစေချင်ပါတယ်။” လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။