ရီးယဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက်ပိုင်းကတည်းက ဘောလုံးလောကနဲ့ အနည်းငယ် အဆက်အသွယ် ပြတ်တောက်သွားတဲ့ နည်းပြဇီဒန်းက သူ့အနေနဲ့ နည်းပြအလုပ်ကို ပြန်လည် လုပ်ကိုင်သွားဖို့အတွက် ဆန္ဒရှိနေဆဲပဲလို့ Alpine F1 ကားမောင်းပြိုင်ပွဲအတွင်း သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုလိုက်ပါတယ်။

Photo Credit : Football Espana

အသက်(၅၀)အရွယ်ရှိ ပြင်သစ်လူမျိုး ဘောလုံးသမားဟောင်းနဲ့ ဘောလုံးနည်းပြ ဇီဒန်းဟာ ဘောလုံးသမားဘဝက အနားယူပြီးနောက် ၂၀၁၃ခုနှစ်မှာပဲ ရီးယဲလ်အသင်းရဲ့ အရန်နည်းပြအဖြစ် စတင် လုပ်ဆောင်ရင်း နောက်တစ်နှစ်အကြာမှာ ရီးယဲလ် အရန်အသင်းရဲ့ နည်းပြ ဖြစ်လာခဲ့ရသလို ၂၀၁၆ခုနှစ်မှာလည်း ရီးယဲလ် စီနီယာအသင်း နည်းပြရာထူးအထိပါ တာဝန်ပေးခံလာရပါတယ်။ ရီးယဲလ်မှာ ၂၀၁၆ကနေ ၂၀၁၈ခုနှစ်အထိ တစ်ကြိမ် ၂၀၁၉ကနေ ၂၀၂၁ခုနှစ်အထိ တစ်ကြိမ် (၂)ကြိမ် ကိုင်တွယ်ခဲ့တဲ့ ဇီဒန်းဟာ အဲ့ဒီကာလတွေအတွင်းမှာပဲ အသင်းအတွက် ဆုဖလား (၁၁)ခုထိ ရယူပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်ဖလားကိုပါ (၃)နှစ်ဆက်တိုက်အထိ ယူဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : The Athletic

၂၀၂၁ခုနှစ် မေလကတည်းက ရီးယဲလ်နဲ့ လမ်းခွဲထားခဲ့တဲ့ နည်းပြဇီဒန်းဟာ ကြားမှာ ကလပ်အသင်းတွေ လက်ရွေးစင်အသင်းတွေနဲ့ ကောလဟာလသတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့လည်း လက်ရှိအချိန်ထိတော့ နည်းပြနယ်ပယ်ထဲကို ပြန်လည် ဝင်ရောက်လာခြင်း မရှိသေးပဲ နည်းပြလက်မဲ့ အဖြစ်သာ ရှိနေပါတယ်။ နည်းပြနယ်ပယ်ထဲ ပြန်ဝင်လာဖို့ ကိစ္စနဲ့ ပတ်သတ်ပြီး ဇီဒန်းက “အခု ကျွန်တော့်မှာ အချိန် ရှိနေတယ်ဆိုပေမဲ့ ဘယ်လောက် ကြာနိုင်ဦးမလဲဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော် နောက်တစ်ကြိမ် နည်းပြအလုပ်ကို လုပ်ကိုင်ချင်နေတယ်ဆိုတာလည်း ကျွန်တော် သိပါတယ်။ ဇွန်လအထိ ကျွန်တော့်မှာ အချိန်ရှိနိုင်ပေမဲ့ အရာအားလုံးက မြန်ဆန်နေနိုင်ပါတယ်။ နည်းပြအလုပ်ကို ပြန်စလုပ်ကိုင်ဖို့ ကျွန်တော် ဆန္ဒရှိနေဆဲပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Vitenmanet

လက်ရှိ အခြေအနေတွေအရ ပရီးမီးယားလိဂ်ဘက်မှာ ချဲလ်ဆီး လီဂူးဘက်မှာ ပီအက်စ်ဂျီနဲ့ လာလီဂါဘက်မှာ အသင်းဟောင်း ရီးယဲလ်မက်ဒရစ် ဒီအသင်းတွေက လာမဲ့ရာသီမှာ နည်းပြအပြောင်းအလဲတွေ လုပ်ဆောင်လာဖွယ် ရှိနိုင်လို့ ဇီဒန်းအနေနဲ့ နည်းပြနယ်ပယ်ထဲ ပြန်ဝင်လာချိန် ဘယ်အသင်းကို တာဝန်ယူသွားမလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။