ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့် ဘောလုံးရာသီမှာ အသင်းနည်းပြသစ် ခန့်အပ်ဖို့အတွက် နည်းပြဟောင်း ဂျူလီယန် နာဂယ်စမန်းနဲ့ သတင်းတွေ တောက်လျှောက် ထွက်ပေါ်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ နာဂယ်စမန်းက ဂျာမနီအသင်းနဲ့သာ စာချုပ်သစ် ချုပ်ဆိုပြီး ၂၀၂၆အထိ သက်တမ်းတိုးလိုက်ပါတယ်။

တကယ်တော့ ဘိုင်ယန်က ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ လက်ကျန်ရာသီဝက် ကုန်ဆုံးခါနီးလောက်မှာပဲ နည်းပြရာထူးကနေ ထုတ်ပယ်ပြီး လက်ရှိအသင်းနည်းပြဖြစ်တဲ့ သောမတ်စ် တူဟယ်လ်ကို ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တူဟယ်လ်ရဲ့ စွမ်းဆောင်မှုကိုလည်း ကျေနပ်ခြင်း မရှိတာကြောင့် ဒီရာသီကုန်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ သဘောတူညီချက် ရထားခဲ့ပါတယ်။

Photo Credit : iMiaSanMia

တူဟယ်လ်နဲ့ ဘိုင်ယန်တို့ကြား ရာသီအကုန်မှာ လက်တွဲဖြုတ်ဖို့ သဘောတူညီမှု ရယူထားပြီးနောက်မှာ ဘိုင်ယန်က နည်းပြသစ်တွေ ရှာဖွေဖို့အတွက် စတင် ကြိုးပမ်းလာခဲ့ပြီး သူတို့ပစ်မှတ်ထားခဲ့တဲ့ ဇာဘီ အလွန်ဆိုနဲ့ နာဂယ်စမန်းတို့ဟာ သူတို့ရဲ့ လက်ရှိအသင်းတွေနဲ့သာ ဆက်လက် လက်တွဲဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဒါကြောင့် ဘိုင်ယန်က လက်ရှိမှာ အသင်းလက်မဲ့လည်း ဖြစ်နေသလို ဘောလုံးနယ်ပယ်ထဲကို ပြန်ဝင်လာဖို့ အဆင်သင့်ဖြစ်နေတဲ့ ရီးယဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းကို ဦးစားပေး ပစ်မှတ်ထားလာခဲ့ပါတယ်။ အခုလည်း စပိန်အခြေစိုက် Mundo Deportivo ကနေ ဖော်ပြလာတဲ့ သတင်းအရ ဘိုင်ယန်ဟာ ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ အလွန် နီးစပ်နေပြီလို့ ဖော်ပြလာပါတယ်။

Photo Credit : Football Talk HQ

ရီးယဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဖလား (၃)ရာသီဆက်တိုက် ယူဆောင်ပေးခဲ့တဲ့ နည်းပြဇီဒန်းဟာ ရီးယဲလ်နဲ့ လမ်းခွဲခဲ့တဲ့ ၂၀၂၁ခုနှစ် မေလကတည်းကနေ လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေရပေမယ့် ဇီဒန်းကိုတော့ ကလပ်အသင်း တော်တော်များများက နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အပြိုင်အဆိုင် စိတ်ဝင်စားကြပြီး ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်ကြပါတယ်။

လက်ရှိမှာတော့ ဇီဒန်းနဲ့ ဘိုင်ယန်အသင်းတို့ကြား ဆွေးနွေးမှုတွေက အခြေအနေ အရမ်းကောင်းနေရပြီး Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်ဟာ နာဂယ်စမန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ခြေလှမ်းတစ်ရပ်လောက်သာ ကျန်ရှိနေပါတော့တယ်လို့ သိရပါတယ်။