မန်ချက်စတာ ယူနိုက်တက် လူငယ်ကစားသမားဟောင်း ဇီဒန် အစ်ဘယ်လ် က နည်းပြဟောင်း အဲရစ် တန်ဟက်ဂ် ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ သူဟာ ယူနိုက်တက်အတွက် ကစားခွင့်ရမယ်လို့ ပြောခံခဲ့ရပေမဲ့ နောက်ဆုံးမှာတော့ ချန်လှပ်ခံခဲ့ရလို့ပါပဲ။

အစ်ဘယ်လ်ဟာ ယူနိုက်တက်အသင်းကြီးအတွက် တစ်ကြိမ်သာ ကစားခွင့်ရဖူးပါတယ်။ အဲဒါကတော့ ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်ပွဲစဉ်မှာ (၈၉)မိနစ်မှာ လူစားလဲဝင်ရောက်ခဲ့တာပါ။ သူဟာ အသင်းကြီးနဲ့ အတူ အချိန်အများကြီး ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။ အခု လက်ရှိ နယ်သာလန်ကလပ် အူးထရက်အသင်းမှာ ကစားနေတဲ့ အသက်(၂၂)နှစ်အရွယ် အစ်ဘယ်လ်က သူဟာ ကာရာဘောင်းဖလားပွဲစဉ်တစ်ခုမှာ အဓိက ကစားခွင့်ရမယ်လို့ မျှော်လင့်ခဲ့ရပေမဲ့ အရံခုံမှာပဲ ထိုင်နေခဲ့ရပုံကို ပြောပြခဲ့ပါတယ်။

Photo Credit : Goal

အီရတ်လက်ရွေးစင် အစ်ဘာလ်ဟာ (၉)နှစ်သားအရွယ်ကတည်းက ယူနိုက်တက် လူငယ်အကယ်ဒမီမှာ ရှိခဲ့တာဖြစ်ပြီး ငယ်စဉ်ကတည်းက ကြီးကြီးမားမား အောင်မြင်လိမ့်မယ်လို့ သတ်မှတ်ခံခဲ့ရသူပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရတဲ့ တန်ဟက်ဂ်ရဲ့ လျစ်လျူရှုမှုတွေကို ခံစားခဲ့ရပြီးနောက် အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရပုံကို သူ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

The National နဲ့ အင်တာဗျူးမှာ အစ်ဘာလ်က “ကျွန်တော်က အရန်ခုံကနေ ၁၀ မိနစ်လောက်ပဲ ကစားခွင့်ရဖို့ မျှော်လင့်ခဲ့တာပါ။ နည်းပြရဲ့ အကဲဖြတ်မှုမရခဲ့တာက ကျွန်တော့်ကို စိတ်ပျက်စေခဲ့တယ်။ ကျွန်တော့်အဖေနဲ့ အေးဂျင့်နဲ့ ဆွေးနွေးပြီး ‘နောက်တစ်နှစ်ထပ်ပြီး ဒီလိုမနေနိုင်တော့ဘူး’လို့ ဆုံးဖြတ်ခဲ့တယ်။ အပြင်ကနေ ကြည့်ရင် မန်ယူအသင်းနဲ့ လေ့ကျင့်ပြီး ခရီးအတူသွားနေရတာက ကျွန်တော့်သူငယ်ချင်းတွေအတွက် အရမ်းမိုက်တယ်လို့ ထင်ရပေမယ့် ကျွန်တော်ကတော့ စိတ်ပိုင်းဆိုင်ရာ အရမ်းခက်ခဲခဲ့တယ်။ လေ့ကျင့်ရုံသာလုပ်ရပြီး အောက်ကအသက် (၂၃)နှစ်အောက်အသင်းမှာတောင် ကစားခွင့်မရခဲ့ဘူး။ ကျွန်တော်ကိုယ်တိုင် ‘ငါက နံပါတ်တစ်ခုလိုပဲ’လို့ ခံစားခဲ့ရတယ်။” လို့ ဖွင့်ဟခဲ့ပါတယ်။

အထူးသဖြင့် လိဂ်ဝမ်းကလပ် ချာလ်တန် အက်သလက်တစ်နဲ့ ဖလားပွဲမှာ အစ်ဘယ်လ်က သူ ပါဝင်ကစားရမယ်လို့ မျှော်လင့်ခဲ့ပါတယ်။ လေ့ကျင့်ရေးမှာ နံပါတ်(၁၀)နေရာမှာ ပါဝင်ခွင့်ရခဲ့ပြီး အသင်းဖော် လီဆန်ဒရို မာတီနက်ဇ်ကလည်း “အခုက မင်းအခွင့်အရေးပဲ၊ မင်းက ကောင်းတဲ့ကစားသမားပါ၊ ငါတို့အားလုံး မင်းကို အားပေးနေတယ်”လို့ အားပေးစကားပြောခဲ့ပါတယ်။

Photo Credit : SPORTbible

ဒါကြောင့် အစ်ဘယ်လ်တစ်ယောက် စိတ်အားထက်သန်စွာနဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကိုပါ လက်မှတ်ဝယ်ပေးပြီး ပွဲကြည့်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ဒါပေမယ့် ပွဲရက်မှာ ကစားသမားစာရင်းကြည့်လိုက်တော့ သူ့နာမည်မပါခဲ့ပါဘူး။ အရန်ခုံကနေ ဝင်ကစားရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် အဲဒါလည်း ဖြစ်မလာခဲ့ပါဘူး။ “အဲဒီအချိန်က ကျွန်တော်အတွက် အလှည့်အပြောင်းဖြစ်ခဲ့တယ်။ နည်းပြက ကျွန်တော့်ကို လုံလောက်တဲ့ လေးစားမှုမပေးခဲ့ဘူးလို့ ခံစားခဲ့ရတယ်”လို့ အစ်ဘယ်လ်က ပြောပါတယ်။

အခုဆိုရင် အစ်ဘယ်လ်ဟာ အူးထရက်ခ်အသင်းမှာ ၂၀၂၄-၂၅ ရာသီအတွင်း နယ်သာလန်လိဂ်ပွဲစဉ် (၁၈)ပွဲ ပါဝင်ကစားခဲ့ပြီး ဂိုးတစ်ဂိုးသွင်းကာ အသင်းကို အဆင့်(၄)နေရာရရှိအောင် ကူညီပေးခဲ့ပြီး ယူရိုပါလိဂ် ဒုတိယအဆင့်ခြေစစ်ပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ တန်ဟက်ဂ်ဟာ လေဗာကူဆင်အသင်းရဲ့ နည်းပြသစ်အဖြစ် တာဝန်ယူထားပြီး အဓိကကစားသမားတွေဖြစ်တဲ့ ဖလော်ရီယန် ဝစ်ဇ်နဲ့ ဂျယ်ရမီ ဖရမ်ပေါင်တို့ လီဗာပူးလ်အသင်းဆီ ထွက်ခွာသွားခဲ့ပါတယ်။