ကစားသမားဘဝမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သလို နည်းပြလောကထဲ ဝင်ရောက်လာချိန်မှာလည်း ရီးရဲလ်မက်ဒရစ်နဲ့အတူ အောင်မြင်မှုပေါင်း များစွာ ရယူနိုင်ခဲ့တဲ့ ပြင်သစ်ဂန္တဝင် ဇနက်ဒင်း ဇီဒန်းက မကြာခင်မှာ နည်းပြချုပ် တူဟယ်လ်နဲ့ လမ်းခွဲတော့မယ့် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ်ရာထူးကို ရယူဖို့ စိတ်ဝင်စားနေကြောင်း စပိန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၅၁နှစ် အရွယ် ပြင်သစ်ဂန္တဝင် ဇနက်ဒင်း ဇီဒန်းက ၂၀၁၆ခုနှစ် ကနေ ၂၀၁၈ခုနှစ် အထိ ၁ကြိမ် ၊ ၂၀၁၉ခုနှစ် ကနေ ၂၀၂၁ခုနှစ် အထိ ၁ကြိမ် စုစုပေါင်း ၂ကြိမ် အထိ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက ရီးရဲလ်မက်ဒရစ် အတွက် စုစုပေါင်း ဆုဖလား ၁၁လုံး အထိ ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Standard

ဇီဒန်းရဲ့ လက်ထက်မှာ ရီးရဲလ်မက်ဒရစ်က ဘောလုံးသမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲကို ၃နှစ်ဆက်တိုက် ရယူနိုင်ခဲ့သလို ဇီဒန်းကလည်း ကမ္ဘာ့အကောင်းဆုံးနည်းပြဆုကို ၂ကြိမ်တိုင်တိုင် ရယူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဇီဒန်းက ၂၀၂၁ခုနှစ် ဇွန်လမှာ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာခဲ့ပြီးနောက် နည်းပြလောကကနေ ခေတ္တ အနားယူနေခဲ့ပြီး သူက မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီး ၊ ဂျူဗင်တပ် စတဲ့ ဥရောပ ထိပ်သီးအသင်းတွေရဲ့ ဆက်သွယ်မှုတွေကို ရခဲ့ပေမယ့် နည်းပြလောကထဲကို ပြန်လည် ဝင်ရောက်ဖို့ အချိန်မတန်သေးဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Sky Sports

တဖက်မှာတော့ ဘိုင်ယန်မြူးနစ်က ရလဒ်ဆိုးတွေကြောင့် နည်းပြချုပ် တူဟယ်လ်နဲ့ ရာသီကုန်မှာ လမ်းခွဲတော့မယ်လို့ တရားဝင် ကြေညာထားပြီး ဘိုင်ယန်မြူးနစ်က တူဟယ်လ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် နည်းပြတွေကို လိုက်လံ ရှာဖွေနေပြီး ဘိုင်ယန်မြူးနစ်ရဲ့ လျာထားနည်းပြစာရင်းထဲမှာ ဇီဒန်းလည်း ပါဝင်နေပါတယ်။

နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ SPORTရဲ့ ဖော်ပြချက်အရ ဇနက်ဒင်း ဇီဒန်းက ဘိုင်ယန်မြူးနစ်ဟာ ရီးရဲလ်မက်ဒရစ်လိုမျိုးပဲ အစဉ်အလာ ကြီးမားကာ ဆုဖလားတိုင်းကို စိန်ခေါ်နိုင်စွမ်း ရှိတဲ့ အသင်းအဖြစ် ရှုမြင်နေတာကြောင့် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုသာ ရရင် ချက်ချင်း လက်ခံဖွယ် ရှိနေကြောင်း သိရှိရပါတယ်။