ကစားသမားဘဝမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက်နိုင်ခဲ့သလို နည်းပြအဖြစ် လုပ်ကိုင်ခဲ့ချိန်မှာလည်း ချန်ပီယံလိဂ် ဆုဖလားကို ၃နှစ်ဆက် ရယူနိုင်ခဲ့တဲ့ ပြင်သစ် ဂန္တဝင် ဘောလုံးသမားကြီး ဇနက်ဒင်း ဇီဒန်းကတော့ သူ့ရဲ့ တပည့်ဟောင်းလည်းဖြစ် ၊ ပူပူနွေးနွေး ရွှေဘောလုံးဆုရှင်လည်း ဖြစ်တဲ့ ကာရင် ဘန်ဇီမာဟာ ပြင်သစ်အသင်းရဲ့ သမိုင်းမှာ အကောင်းဆုံး တိုက်စစ်မှူးပါလို့ ချီးကျူးသွားခဲ့ပါတယ်။

ဘန်ဇီမာနဲ့ ဇီဒန်းတို့ နှစ်ဦးစလုံးဟာ ပြင်သစ်နိုင်ငံသားတွေ ဖြစ်ကြပြီး ဘန်ဇီမာက ကစားသမား ဘဝမှာ ဇီဒန်းနဲ့ တွဲဖက် ကစားခွင့် မရခဲ့ပေမယ့် ဇီဒန်းရဲ့ လက်အောက်မှာ ကစားရင်း ချန်ပီယံလိဂ် ဆုဖလားကို ၃ကြိမ်ဆက်တိုက် အရယူခဲ့ဖူးသလို ဇီဒန်းရဲ့ အချစ်တော် တပည့်တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Goal

အသက် ၃၄နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ကာရင် ဘန်ီဇမာက ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်နဲ့ လာလီဂါ ဆုဖလား ၂လုံးစလုံး ရရှိအောင် ဦးဆောင် ကစားပေးခဲ့သလို သူဟာ ပြိုင်ပွဲစုံမှာ ရီးရဲလ်မက်ဒရစ် အတွက် သွင်းဂိုး ၄၄ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၄ကြိမ် အထိ ရရှိခဲ့ပါတယ်။

ဒါကြောင့်ပဲ ကာရင် ဘန်ဇီမာက ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပြီး ဘန်ဇီမာကို ရွှေဘောလုံးဆု ချီးမြှင့်ပေးခဲ့တဲ့ ဇီဒန်းကတော့ သူ့ရဲ့ တပည့်ဟောင်း ဘန်ဇီမာ အတွက် ဂုဏ်ယူနေပြီး ဘန်ဇီမာဟာ ပြင်သစ်သမိုင်းမှာ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကြောင်းလည်း ရွှေဘောလုံးဆုပေးပွဲ အပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

ဇနက်ဒင်း ဇီဒန်းက – “ပြင်သစ်သမိုင်းမှာ အကောင်းဆုံးတိုက်စစ်မှူးလား။ ဒီမေးခွန်းနဲ့ ပတ်သတ်ပြီး အမြင်မတူတာတွေ ရှိကြမယ်လို့ ထင်ပါတယ်။ လူတိုင်းမှာတော့ ကိုယ့်စိတ်ကြိုက် တိုက်စစ်မှူး ဆိုတာ ရှိတာပဲလေ။ တချို့က ပါပင်ကို (ပြင်သစ် ဂန္တဝင် တိုက်စစ်မှူးကြီး) သူ့ရဲ့ ပြောင်မြောက်လှတဲ့ သွင်းဂိုးတွေကြောင့် အကောင်းဆုံး တိုက်စစ်မှူးလို့ ပြောကြမယ်။ တချို့ကလည်း ပလာတီနီကို အကောင်းဆုံး တိုက်စစ်မှူးလို့ ပြောကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်အတွက် အကောင်းဆုံး တိုက်စစ်မှူးက ကာရင် ဘန်ဇီမာပါပဲ။ ဘာကြောင့် ဒီလို ပြောရသလဲ ဆိုရင် ကျွန်တော်က ကာရင်နဲ့ အချိန်အကြာကြီး လက်တွဲခဲ့ဖူးတာကြောင့် သူ့ရဲ့ အရည်အသွေးတွေကို ကောင်းကောင်းကြီး သိတာကြောင့်ပါ။ သူက အကောင်းဆုံး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့ ကစားသမားပါ။ ဒါကြောင့် ကျွန်တော်ကတော့ သူ့ကို မြက်ခင်းစိမ်းတွေပေါ်မှာ အချိန်အကြာကြီး တောက်ပနိုင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။