ဘောလုံးလောကရဲ့ စူပါအေးဂျင့်တွေထဲက တဦး ဖြစ်တဲ့ အေးဂျင့် ဇဟာဗီက ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီမှာ မပျော်မရွှင် ဖြစ်နေတဲ့ ဘရာဇီးလ်ကြယ်ပွင့် နေမာကို ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးဆီ ပို့ဆောင်ပေးဖို့ ကြိုးစားနေကြောင်း ပီအက်စ်ဂျီနဲ့ နီးစပ်တဲ့ သတင်းထောက်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် အသင်းခေါင်းဆောင် တိုက်စစ်မှူး နေမာဟာ ၂၀၁၇ခုနှစ်မှာ ဘာစီလိုနာ ကနေ ပီအက်စ်ဂျီထံ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက ပီအက်စ်ဂျီထံ ရောက်ရှိခဲ့ပြီးနောက် အမ်ဘာပေနဲ့ ပူးပေါင်းကာ အောင်မြင်မှုပေါင်း များစွာ ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

နေမာက ပီအက်စ်ဂျီထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ပီအက်စ်ဂျီက နေမာအစား အမ်ဘာပေကို အသင်းရဲ့ မရှိမဖြစ် ကစားသမား အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ပြီး နေမာရဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း လျှော့ချခဲ့ပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီရဲ့ အားကစားဒါရိုက်တာအသစ် ကန်ပို့စ်က မကြာခဏ ဒဏ်ရာရလေ့ ရှိတဲ့ နေမာကို လာမယ့် နွေဈေးကွက် အတွင်းမှာ ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး နေမာကလည်း သူ့ကို မလိုချင်တော့တဲ့ ပီအက်စ်ဂျီမှာ ဆက်နေဖို့ထက် တခြားအသင်းကြီး တသင်းဆီ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေပါတယ်။

Photo Credit: Marca

Goal သတင်းဌာနရဲ့ နာမည်ကြီး ပြင်သစ်သတင်းထောက် မာရှီနောအာရဲ့ ဖော်ပြချက်အရ နေမာက ပီအက်စ်ဂျီ ကနေ ထွက်ခွာနိုင်ဖို့ အတွက် စူပါအေးဂျင့် ဖြစ်သူ ဇဟာဗီနဲ့ လက်တွဲခဲ့ပြီး ဇဟာဗီဟာ နေမာကို ပရီးမီးယားလိဂ် အင်အားကြီးကလပ် ဖြစ်တဲ့ ချယ်လ်ဆီးဆီ ပို့ဆောင်ပေးဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

ချယ်လ်ဆီးက နေမာကို ခေါ်ယူဖို့ အတွက် ကာလရှည် စိတ်ဝင်စားခဲ့တဲ့ အသင်း ဖြစ်ပြီး ချယ်လ်ဆီးရဲ့ နည်းပြသစ် ဖြစ်လာမယ့် ပိုချက်တီနိုကလည်း နေမာနဲ့ လက်တွဲခဲ့ဖူးတဲ့ နည်းပြတဦး ဖြစ်တာကြောင့် နေမာက တခြားအသင်းတွေထက် ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ ပိုမို စိတ်အားထက်သန်နေကြောင်း နီးစပ်သူတွေက ဆိုထားပါတယ်။